Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/11

လွှတ်တော်အစည်းအဝေးများ ဇန်န၀ါရီ ၃၁ တွင် ကျင်းပတော့မည်
10 ဇန်နဝါရီ 2011

မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် အဓိက လွှတ်တော် ၂ ရပ်ကို စတင် ခေါ်ယူမယ်လို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။

စစ်အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ၃ လနီးပါး အကြာမှာ ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရရုပ်သံက ဒီနေ့ ကြေညာသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရ တာဝန်ယူထားကြသူတွေ၊ အစိုးရ ကျောထောက်နောက်ခံ ပေးထားကြသူတွေ ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ အများစုနဲ့ အနိုင်ရထားပါတယ်။

တခြား အနည်းစု အနိုင်ရထားတဲ့ ပါတီတွေက လွှတ်တော်ထဲရောက်ရင် ဥပဒေကြမ်းတွေကို တင်ပြဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြပေမဲ့ တကယ့်လက်တွေ့မှာ ဥပဒေပြုနိုင်မယ့် မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ အုပ်ချုပ်ရေး ပုံစံအသစ် ထွက်ပေါ်လာဖို့ ရှိပေမဲ့လည်း စစ်အစိုးရ ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်နေရာ ၂၅% ကို ထိန်းချုပ်ထားမှာ ဖြစ်သလို လက်ရှိ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ထားတဲ့ နိုင်ငံရေးပါတီက အသာရထားတယ် ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါ့မလား ဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

သတင်းရင်းမြစ် _ ဗွီအိုအေ (မြန်မာဌာန)
DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
10 January 2011

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။

ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကို ရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန် ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

သတင်းရင်းမြစ် _ ဧရာဝတီ

2011/01/10

ကရင် အမျိုးသားနှစ်သစ်ကူး အခမ်းအနားကို ဂျပန် နိုင်ငံ (တိုကျို) တွင် စည်ကားစွာ ကျင်းပ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၉




၂၇၅၀ ခုနှစ် ၁၂ ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားကို ဂျပန်နိုင်ငံ (တိုကျို) တွင် နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီ ထိ စည်ကားစွာ ကျင်ပပြီးစီးခဲ့သည်။
ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကို ဂျပန်ရောက် ကရင် တိုင်းရင်းသား ညီအကိုမောင်နှမ များ အပြင် ရင်းနှီးသော မိတ်ဆွေ တိုင်းရင်းသား မြန်မာ လူမျိုးများ အပြင် ဂျပန်လူမျိုးများပါ ပျော်ရွှင်စွာပါဝင် ဆင်နွဲခဲ့ ကြသည်။ ထူးခြားချက်မှာ ကရင် လူမျိုးတို့ ၏ ရိုးရာ ကျွဲ ဂျို နှင့် ဖားစည် သရုပ်ဖော် ပြ ထားပုံ ကို လူအများ စိတ်ဝင်စားမူ များပြီး ဂျပန်လူမျိုးများ မှ လည်းစိတ်ဝင်စားမူကို ဖော်ပြခွင့်ရခဲ့ပါသည်။
 ကရင်နှစ်သစ်ကူးရိုးရာကောက်ညှင်းပေါင်း နှင့် ကရင်ရိုးရာ အစားအစာ များစွာ ကို စားသုံးပြီး ကရင် ရိုးရာ အက နှ င့် ဖျော်ဖြေးရေး အစီအစဉ်များစွာ ဖြင့် နှစ်သစ်ကူးအခမ်းအနားကို ပျော်ရွှင်စွာ ဖြင့် ကျင်ပပြီးစည်းခဲ့ပါသည်။

သတင်း ဓါတ်ပုံ ။ ။ မိုးမင်းသူ KNU-Japan

အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်

2011-01-09
မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
AFP
နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် တရားဝင် တည်တံ့အောင် လုပ်ဆောင်ချက်အဖြစ် ဒီမိုကရေစီ အင်အားစုများက ရှုမြင်လျက်ရှိသည်။ (Photo: AFP)
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်း ဖောက်ခွဲမှု DKBA ထုတ်ဖော်ပြောကြား

2011-01-08

မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲ ခဲ့တာဟာ သူတို့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ DKBA အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က ထုတ်ဖော် ပြောဆိုပါတယ်။

အဲဒီ ဗုံးကွဲမှုမှာ အနည်းဆုံး လူ ၈ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဗိုလ်မှူးချုပ် စောလားဘွယ် ကတော့ အဲဒီလမ်းကြောင်းမှာ သွားနေတဲ့ ကားတွေဟာ စစ်အစိုးရ နယ်ခြား စောင့်တပ်ရဲ့ကားတွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက အဲဒီ မြဝတီလမ်းကြောင်းပေါ်မှာ ပြည်သူတွေကို အာဏာသုံး အင်အားပြသလို လူထုကို ပေါ်တာဆွဲတာတွေ ရှိတဲ့အတွက် ကာကွယ်တာက တကြောင်း၊ လူထုကို ဖိနှိပ်တဲ့ သူတို့ရဲ့ စီးပွားရေး လမ်းကြောင်းကို ဖြတ်ချင်တာက တကြောင်းကြောင့် အခုလို ဆောင်ရွက် ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ အဖွဲ့ကို စစ်အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ကမ်းလှမ်းနေတယ် ဆိုပေမယ့် သူတို့ ထိန်းချုပ်ရာ ဝေါ်လေဒေသကို ဒီကနေ့ မနက် ၁၀ နာရီ ကျော် လောက်ကစပြီး အင်အား ၂ ရာလောက် ရှိတဲ့ စစ်အစိုးရ တပ်ရင်း ၂ ရင်းနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က RFA ကို ပြောပါတယ်။

2011/01/09

လွယ်ပန်နောဝ်တပ် မရုပ်ပေးသည့် မိုင်းလားအား

နအဖ ကလက်နက်ကြီးဖြင့် ပစ်ခတ်သတိပေး


အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားတပ် လက်အောက်ခံ  ပန်နောဝ်တောင်ရှိ ပန်ဆောဝ်းတပ် စခန်းအား  ရုပ်သိမ်းပေးခြင်းမရှိသည့်အတွက် မိုင်းယောင်းမြို့အခြေစိုက် နအဖအမြောက်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
မိုင်းလားတပ်ဖွဲ့ (ဓါတ်ပုံ- S.H.A.N.)
“ပန်ဆောဝ်းလို့ခေါ်တဲ့ မိုင်းလားတပ်ကို မိုင်းယောင်းနအဖအမြောက်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ။ အလုံးရေ ၁၅ လုံးပစ် တာ မိုင်းလားတပ်တွင်းကို ၂ လုံးဘဲကျတယ်။ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ပြောတယ်” ဟု ကျိုင်းတုံရောက် မိုင်းယောင်းဒေသခံ တစ်ဦးက ပြောပါသည်။
ရခိုင် လွှတ်တော်ကိုယ်စားလှယ်များကို ကြံ့ဖွံ့ပါတီ တရားစွဲ


၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အများအပြား၌ အနိုင်ရထားသည့် ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ (RNDP) မှ ကိုယ်စားလှယ် ၅ ဦးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  မှ ပြိုင်ဘက် ကိုယ်စားလှယ်များက ယမန်နေ့က တရားစွဲဆိုထားကြောင်း သိရသည်။

election-2010-Vote-11
ကချင်ပြည်နယ် မြစ်ကြီးနားရှိ မဲရုံတရုံတွင် စာနယ်ဇင်းနှင့် သံတမန်များကို ဖိတ်ခေါ်၍ ကော်မရှင်က မဲရေတွက်ပြနေစဉ်။ (ဓာတ်ပုံ - AP)
မကြာသေးမီကလည်း RNDP ၏ ရသေ့တောင် မဲဆန္ဒနယ် အနိုင်ရ ကိုယ်စားလှယ် ဦးလှမောင်သိန်းကိုလည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်က တရားစွဲဆိုထားသဖြင့် RNDP တွင် တရားစွဲခံရသူ ကိုယ်စားလှယ်ပေါင်း ၆ ဦး ရှိပြီး နိုင်ငံရေးပါတီများအနက် ကြံ့ဖွံ့ပါတီ၏ အများဆုံး တရားစွဲဆိုခံရသည့် ပါတီဖြစ်သည်။

ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ယခုတကြိမ် တရားစွဲခံရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ရွေးးကောက်ပွဲ ကော်မရှင်ကလည်း ဥပဒေနှင့် ငြိစွန်းသည်ဟုသာ ဆိုကြောင်း ဧရာဝတီသို့ ပြောသည်။