ဖေဖေါ်ဝါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ 
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ် ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”