ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်
SSPP-SSA
November 1, 2011
ရက်အတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ
ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ် တိုက်ပွဲ
ပြန်ဖြစ် နေပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် ဒူယားကျေးရွာ အုပ်စုထဲမှာ
အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က
ပြောပါတယ်။ ရှမ်းပြည် တပ်မတော် တပ်မ ၇၂ တပ်ရင်း ၈၀၁ နဲ့ မိုင်းနောင်
အခြေစိုက် ခလရ ၂၈၆ အစိုးရတပ်တို့ဟာ ပန်လော့နဲ့ ဟွေ့ကိန်ရွာကြား
မှာရှိတဲ့ တောအုပ်ထဲမှာ ဖြစ်ပွား ခဲ့တယ်။ နှစ်ဘက် အသေအပျောက် စာရင်း
မသိရသေးဘူးလို့ ရှမ်းပြည် တိုးတက်ရေးပါတီက ဗိုလ်မှူးစိုင်းလက
ပြောပါတယ်။
“တတ်နိုင်သလောက် အဲဒီတိုက်ပွဲ မဖြစ်ဖို့ ကျနော်တို့ ရှောင်ပါတယ်။
ဒါပေမယ့် သူတို့က တောနင်းပြီးတော့ ရှာဖွေပြီး တိုက်နေတော့
ကျနော်တို့လည်း တိုက်နေရတယ်။ သူတို့လာတာ ကြိုပြီး သတင်းရတော့
ကျနော်တို့ စောင့်ပြီး တိုက်တာပါခင်ဗျ။ ကျနော်တို့ဘက်ကတော့
အင်အား ၂၀ လောက်ပါခင်ဗျ။ သူတို့ဘက်ကတော့ ၅၀ လောက်ရှိမယ်။”
ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့
ရှမ်းပြည်တပ်မတော် ရှမ်းပြည် တိုးတက်ရေးပါတီကို အစိုးရတပ်က
ဒီနှစ်ဦးပိုင်းကစပြီး ထိုးစစ်ဆင်ခဲ့တာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အထိ
တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
ဝမ်ဟိုင်း ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်ဖို့ အစိုးရတပ်ရင်း ၁၄
ရင်း အဲဒီနယ်မြေထဲမှာ ဝင်ရောက်တပ် စွဲ ထားပေမယ့် ခုနောက်ပိုင်း
တပ်တချို့ ပြန် ဆုတ်ခွာသွားခဲ့တယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့ဒေသမှာ ရွာသားတွေဟာ အစိုးရတပ်ရဲ့
ပေါ်တာဆွဲခံရတာ၊ လက်နက်ကြီးတွေ ထိမှန်တာ၊ သူပုန်လို့စွပ်စွဲပြီး
ဖမ်းဆီး စစ်ဆေးတာ၊ အမျိုးသမီးတွေ မတရား ကျင့်ခံရတာတွေ
ရှိနေတဲ့အတွက် ရှမ်းပြည်တပ်မတော်ဘက်က နိုင်ငံရေးကို
ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ လွန်ခဲ့တဲ့
ဇူလိုင်လက အစိုးရဆီ အိတ်ဖွင့်စာ ပို့ထား ခဲ့ပါသေးတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 件のコメント:
コメントを投稿