မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ကိုယ်စားလှယ် ထားရန် တိုက်တွန်း
၂၀၁၁ ခုနှစ် သြဂုတ်လ ၉ ရက်။
ဂျပန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက
ဂျပန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေကို ဒီနေ့တွေ့ဆုံပြီး
ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တဦး
ခန့်အပ်ထားရှိရေး အပါအဝင် မြန်မာပြည် ဒီမိုကရေစီရေး အားပေးတဲ့
အခန်းကဏ္ဍကို မြှင့်တင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဂျပန်နိုင်ငံခြားရေးဌာနက အရှေ့တောင်အာရှနဲ့ အနောက်တောင်အာရှ ဌာန
ညွှန်ကြားရေးမှူးချုပ်ကို ဒီကနေ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ
သွားရောက် တွေ့ဆုံ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ
မြန်မာပြည် ဖြစ်ပျက်မှုတွေမှာ ဂျပန်အစိုးရက ပါဝင်ဆောင်ရွက်နိုင်တဲ့
အခန်းကဏ္ဍတွေကို ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား
လွတ်မြောက်ရေးကိစ္စ။ ရှမ်း၊ ကချင်၊ ကရင်ဒေသနယ်စပ်တွေမှာ
တိုက်ပွဲတွေရပ်အောင် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားမှာ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှု အတွက် ဆွေးနွေးမှုတွေ ပိုမိုအောင်မြင်လာအောင်
ကူညီပေးနိုင်မယ့် အနေအထားတွေ ရှာဖွေပေးနိုင်ဖို့အတွက် သွားရောက်
ဆွေးနွေးတာလို့ ဆွေးနွေးပွဲမှာပါဝင်သူ (မြန်မာ့ဒီမိုကရေစီကွန်ရက်
ပြောခွင့်ရသူ ကိုကျော်ကျော်စိုးက ပြောပါတယ်။
“မြန်မာပြည်ဆိုင်ရာ ဂျပန်ရဲ့ အထူးကိုယ်စားလှယ် တယောက်
ခန့်အပ်ပြီးတော့ ဂျပန်အစိုးရ အနေနဲ့ ပိုပြီး တက်တက်ကြွကြွ
ထိထိရောက်ရောက်နဲ့ ပါဝင်ဆောင်ရွက် လာနိုင်လောက်အောင်
ကျနော်အကြံပေးခဲ့ပါတယ်။ ဒီအကြံကိုလည်း သူတို့ သဘောကျတယ်။ ဒါကို
သူတို့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်။”
ဂျပန်အစိုးရက မြန်မာကို ပေးနေတဲ့ အကူအညီတွေကို တကယ်
လိုအပ်ချက်တွေအတွက် စိစစ်ပေးဖို့။ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးကို အထောက်အကူဖြစ်စေမယ့် အကူအညီတွေဖြစ်ဖို့
တင်ပြခဲ့သလို နိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး၊
နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ မြန်မာလူငယ်တွေ
ပိုမိုစိတ်ဝင်စားလာတာကို တွေ့ရှိလို့ ဟောပြောပို့ချမှု သင်တန်းတွေ
လိုအပ်မှု စတာတွေ တင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ကလည်း
လိုလိုလားလား ရှိတယ်လို့ ကိုကျော်ကျော်စိုးက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာအရေး တက်ကြွ လှုပ်ရှားသူတွေနဲ့အတူ
ဂျပန်အလုပ်သမားသမဂ္ဂက တာဝန်ရှိသူတချို့လည်း လိုက်ပါခဲ့တယ်လို့
ဆိုပါတယ်။
အဲဒီဂျပန် အရှေ့တောင်အာရှနဲ့ အနောက်တောင်အာရှ
ညွှန်ကြားရေးမှူးချုပ်ဟာ မကြာသေးခင်လပိုင်းက ဂျပန် လွှတ်တော်ဆိုင်ရာ
နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်မှာ
လိုက်ပါသွားခဲ့ဖူးပြီး အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ရော
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီလို
တွေ့ဆုံမှုမှာ မြန်မာအစိုးရသစ်ဟာ အရင်တပ်မတော် အစိုးရ လက်ထက်က
လိုမဟုတ်ဘဲ အပြောင်းအလဲ လိုလားတယ်ဆိုတာ တွေ့ခဲ့ရတဲ့ အကြောင်းနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ခဲ့တာတွေအပေါ်မှာလည်း ကျေနပ်
အားရတဲ့ အကြောင်းတွေ ပြန်ပြောပြတယ်လို့ ကိုကျော်ကျော်စိုးက
ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗီဘီ
0 件のコメント:
コメントを投稿