လေယဉ်တင်သင်္ဘောနဲ့ ပထ၀ီပါဝါချဲ့မယ့် တရုတ်
တရုတ်နဲ့ပတ်သက်ရင် များသောအား ဖြင့် မြန်မာ၊ မြောက်ကိုရီယား၊ ဆူဒန် လို အာဏာရှင် နိုင်ငံတွေကို နောက်က မြှောက်ပေးနေတဲ့ အကြောင်းသာ ပြောကြသည်။ တရုတ်ပထ၀ီနဲ့ တရုတ် မြေပုံအကြောင်း သိပ်ပြောဆိုမှု မရှိလှ။
ရုရှားက ကမ္ဘာ့အရှေ့ခြမ်းမှ အေးခဲတဲ့ အာတိတ် ဇုံ အများစုကို စိုးမိုးထားသည်။ တရုတ်က တွင်းထွက်နဲ့ လောင်စာစွမ်းအင်သိုက်ရှိရာ သမ နွေးပိုင်း ဗဟိုအာရှကို ထိန်းချုပ်ထားသည်။ နောက် အိန္ဒိယပင်လယ်က အပူပိုင်းဇုံ မျက်နှာစာ မိုင် ၉၀၀၀ ကျော်ကိုလည်း ရရှိထားသည်။
တရုတ်ရဲ့ အဓိကပါဝါက ၁.၂ ဘီလီယံရှိ လုပ် သားအင်အားစု၊ ကုန်သွယ်ရေး၊ ကော်ပိုရေးရှင်း၊ ကွန်ဖျုးရှပ် စီမံခန့်ခွဲမှုတို့မျှ မဟုတ်။ ဩဇာလွှမ်းဖို့ တနံတလျား ချဲ့ကားလာတဲ့ နယ်နမိတ်ဇုံများ အပေါ် အများကြီး ပိုတည်လာသည်။ ရုရှား အရှေ့ဖက်စွန်း၊ မွန်ဂိုလီယား၊ ဗဟိုအာရှ၊ အရှေ့တောင်အာရှ တို့အထိ သူ့ပထ၀ီလက်တံ ဖြန့်ကျက်ထားသည်။ အိန္ဒိယပင်လယ်တလျှောက် ဆိပ်ကမ်းတွေ တည်ဆောက်နေသည်။ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ ခေတ်မှီရေတပ်ကို ပြင်ဆင်နေသည်။
ဒီလို တရုတ်မြေပုံချဲ့ကားလာခြင်းကြောင့် ပထ၀ီနိုင်ငံရေး စိန်ခေါ်မှုတွေ ရှိလာသည်။ အမေရိကန်တို့က အနောက်ကမ္ဘာခြမ်းကို ကြီးစိုးလွှမ်းမိုးထားတယ်ဆိုရင်၊ ယခု တရုတ်က အရှေ့ကမ္ဘာခြမ်း အများစုကို လွှမ်းမိုးထိန်းချုပ်ဖို့ ခြေလှမ်းပြင်လာသည်။
တကယ်တော့ သမိုင်းဆိုတာက မျည်းတန်း (linear) မဟုတ်။ ခလုပ်တိုက် ခွေးကိုက်မှုတွေ အမြဲ ရှိနေတတ်သည်။ ပြီးခဲ့တဲ့ နှစ် ၃၀ မှာ တရုတ်တိုးတက်ခဲ့ပုံမျိုး အနာဂတ်မှာ ပုံမှန်ဆက်တိုးတက်မယ်လို့ ဘယ်သူမှ အာမခံချက် မပေးနိုင်။ တိုးတက်မှုတွင် အကန့်အသတ်ရှိတယ်ဆိုတဲ့ (limit to growth) သီအိုရီက ရှိပြီးသား မဟုတ်လား။ ဗြိတိန်၊ ဂျပန်လို နိုင်ငံတွေကို ကြည့်ရင် သိသာမည်။ ဒါကြောင့် တရုတ်ရဲ့ အနာဂတ်ပါဝါပရော့ဂျက်က မြေနဲ့ ရေ များများ စိုးမိုးထားရေး ဖြစ်လာရသည်။
ဒီတော့ တရုတ်ရဲ့ ပထ၀ီလက်တံချဲ့ကားမှုက အားလုံးကို ခြိမ်းခြောက်ဖို့လားဆိုတဲ့ မေးခွန်းတက်လာသည်။ အဖြေက ပထ၀ီပါဝါချဲ့တဲ့ သူ့ရည်ရွယ်ရင်းကို နှိုက်ကြည့်မှ ရမည်။ အမေရိကန် အမျိုးသားလုံခြုံရေး ပညာရှင် Robert Kaplan ကတော့ တရုတ်ခေါင်းဆောင်တွေက သူတို့အယူဝါဒကို အခြားနိုင်ငံတွေထဲ သွတ်သွင်းလိုစိတ် မရှိဟု ဆိုသည်။ အမေရိကန်လို ဒီမိုကရေစီအစိုးရပုံစံ ကမ္ဘာပတ် ‘ပရိုမုတ်’ လိုက်လုပ်တဲ့ မစ်ရှစ်မျိုး တရုတ်တွင်မရှိ။ တရုတ်လိုချင်တာက ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံရှိ သူတို့လူထုရပ်တည်ဖို့အတွက် ရေနံနဲ့ သဘာဝတွင်းထွက်တွေ ဖြစ်သည်။ ဘယ်လိုနည်းနဲ့ရရ တရုတ်တို့လောဘက အားလုံးသိပြီး ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်အပြီးတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်တို့မှာ အပျက်အဆီးပုံအောက်မှာ မနည်း ရုန်းကန်နေရသည်။ ပိစိဖိတ်သမုဒ္ဒရာကို အင်ပါယာဆန်ဆန် စိုးမိုးထားတာက အမေရိကန်ရေတပ် ဖြစ်သည်။ သို့သော် ထိုစစ်အေးခေတ်နေ့ရက်တွေက ကုန်ဆုံးလာပြီဖြစ်သည်။ တရုတ်ရေတပ် ကြီးထွားလာသလို၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဂျပန်ရေတပ်တွေလည်း မော်ဒန်ဖြစ်အောင် အပြိုင်ချနေသည်။ အမျိုးသားရေးဝါဒတွေ ခေါင်းပြန်ထောင်လာသည်။ အာရှစစ်ရေးပါဝါမြင့်လာချိန်မှာ ဥရောပစစ်ရေးအသုံးစရိတ်က သနားဖို့ ကောင်းနေတော့သည်။ ဗြိတိန်ရဲ့ ၁၈ ရာစု ၁၉ရာစု ရေတပ်ကြီးမှာ သမိုင်းဆရာများ လွမ်းတမ်းတဖို့ ဖြစ်သည်။
တရုတ်က သူ့ရဲ့ကိုရီးယားကျွန်းဆွယ် အကျိုးစီးပွားအတွက် မြေက်ကိုရီးယားကို အမြဲကိုင်ထားလိမ့်မည်။ တဖက်တွင် တရုတ်ပါဝါကို တန်ပြန်ထိန်းချုပ်ထားဖို့ မျှော်လင့်ရမှာက သူနဲ့ လူဦးရေအပြိုင်ရှိတဲ့ အိန္ဒိယ ဖြစ်သည်။ အာဏာရှင် တရုတ်နဲ့ ဒီမိုကရေစီအိန္ဒိယတို့က သူတို့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ နီပေါ တို့အပေါ် အပြိုင်ဩဇာသက်ဖို့ ကြိုးစားကြသည်။ သို့သော် သူတို့နှစ်နိုင်ငံကြား နိုင်ငံတကာ ကုန်သွယ်မှု ဆက်ဆံရေး ရှိသည်။
တမီးလ်ကျားတွေနှိမ်နင်းဖို့ သိရိလင်္ကာအစိုးရကို ရိုင်ဖယ်မှအစ ဂျက်လေယဉ်အထိ နောက်ကပံ့ပိုးပေးတာ တရုတ်ဖြစ်သည်။ အာဖရိက သဘာဝရင်းမြစ်တွေအတွက် နိုက်ဂျာနဲ့ ဆူဒန်တို့မှ အာဏာရှင်များကိုသာ ရွေးပေါင်းသည်။ ရေနံအတွက် အီရန်နဲ့ မဟာဗျူဟာကျကျပေါင်းပြီး နျူကလီးယား အစီအစဉ်မှာ နောက်က ရှိနေသည်။
လောင်စာစွမ်းအင်နဲ့ သဘာဝရင်းမြစ် ဆာလောင်မှုအတွက် ကမ္ဘာ့ပထ၀ီနိုင်ငံရေးမြေပုံကို မဟာဗျူဟာကျကျ ပြင်ဆင်ဖို့ တရုတ်အစိုးရက လုပ်လာသည်။ ကမ္ဘာ့မဟာဗျူဟာဆုံချက်အကျဆုံးဖြစ်တဲ့ အနောက်ပိစိဖိတ်၊ အရှေ့အာရှနဲ့ တောင်အာရှတို့ကို ထိန်းချုပ်နိုင်မယ့် လေယဉ်တင်သင်္ဘော ပရော့ဂျက်ကို အကောင်အထည် ဖော်လာသည်။
၂၁ရာစု တရုတ်ပင်လယ်ပြာ စိုမိုးရေးမစ်ရှင်ကို ၂၀၁၀မှ ၂၀၂၀ ခုနှစ်အထိ အဓိက မဟာဗျူဟာကာလ သတ်မှတ်ကြောင့်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် ကြေငြာခဲ့သည်။ နျူကလီးယားစွမ်းအင်သုံး လေယဉ်တင်သဘောင်္များကို ရှန်ဟိုင်းရှိ စစ်ရေးသုတေသန အင်စတီကျူ့များနှင့် ကုမ္ပဏီ ခြောက်ခုကို ပူးတွဲတာဝန်ပေးထားသည်။ ၂၀၁၅ တွင် တိုက်လေယဉ် အစီး ၅၀ဆန့်၊ အရှည်မီတာ ၃၀၀၊ တန်ချိန် ၆၇၅၀၀ ရှိ သင်္ဘောကြီးနှစ်စီး စတင်ရေချမည်။
လေယာဉ်တင် သင်္ဘောကြီးတစ်စင်းလျှင် ၁၅ဘီလီယံဒေါ်လာနှင့် ၂၀ ဘီလီယံဒေါ်လာ အကြားရှိသည်။ မစ်ဇိုင်းလ် တစ်ခုလျှင် ဒေါ်လာ ၁သန်းရှိသည်။ ဖော်ပြပါ ဇယားတွင် တရုတ်မစ်ဇိုင်းလ် အရေအတွက်နှင့် ပစ်ခတ်နိုင်သော အကွာအဝေး စွမ်းရည်များကို အမေရိကန် ပင်တဂွန်စစ်ဌာနမှ တွက်ချက် ပြထားသည်။ တာတို၊ တာလတ်၊ တာဝေးပစ် မစ်ဇိုင်းလ် အရေအတွက်နှင့် ရောက်ရှိနိုငသော အကွာအဝေး၊ နေရာများကိုလည်း တွက်ချက်ထားသည်။
တရုတ်တာတိုပစ် မစ်ဇိုင်းလ်မှာ ထိုင်ဝမ်အကွာအဝေးသို့ ရောက်ရှိဖျက်ဆီးဖို့ လွယ်ကူလွန်းနေသည်။ ဒုတိယအဆင့် မစ်ဇိုင်းလ်များမှာ ဂျပန်နိုငံနှင့် အရှေ့အာရှပိစိဖိတ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ပစ်ခတ်နိုင်တဲ့ အနေအထားရှိသည်။ တရုတ်တွင် ကမ္ဘာ့တိုက်ကြီးများအချင်းချင်း အပြန်အလှန် ပစ်ခတ်နိုင်သော နျူကလီးယား မစ်ဇိုင်းလ် အနည်းငယ်ရှိသည်။ နောက် အမေရိကန် လေယဉ်တင် သင်္ဘောများ တရုတ်ကမ်းခြေ မကပ်နိုင်အောင် ခေတ်မှီစစ်သင်္ဘောချင်း အပြန်လှန်ပစ်ခတ်နိုင်တဲ့ မစ်ဇိုင်းများလည်း ရှိနေသည်။
ဆိုရရင် တရုတ်ရဲ့ ၂၁ရာစု ပထ၀ီမဟာဗျူဟာ ပရော့ဂျက်ကတော့ ရှင်းနေသည်။ သူ့အရံဂြိုဟ် အိမ်နီးချင်း မြန်မာနိုင်ငံကကော ရှေ့အနာဂတ်က ဘယ်ကိုလဲ။ လူမျိုးအားလုံးကို ကိုယ်စားပြုမယ့် အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွား ဆိုတာဘယ်မှာလဲ။ သေချာတာ အစိုးရက သူ့အုပ်စု လုံခြုံရေးနဲ့ အကျိုးစီးပွားကိုသာ ကြည့်သည်။ လူထုက တာဝန်ယူမယ့်သူမရှိလို့ ကိုယ့်လုံခြုံရေးကိုယ် တနိုင်တပိုင် ဂရုစိုက်ရသည်။ အမျိုးသား အကျိုးစီးပွားဆိုသည်မှာ တရုတ်အကျိုးစီးပွား ထိုင်းအကျိုးစီးပွားအဖြစ် ထိုးအပ်ထားရသည်။ လူမျိုးပဒေသာစုံ (multi-cultures)ဖြင့် တိုးတက်လှပ နေသင့်သည့်နိုင်ငံမှာ ယိုယွင်းနိုင်ငံ (failing state) အဖြစ်သို့ ရွေ့လျားနေရသည်။
၂၀၀၉ ခုနှစ် ICG ထုတ် China’s Myanmar Dilemma ရီပို့တွင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တရုတ်ခေါင်းဆောင်တစ်ဦး ရည်ညွှန်းတဲ့ စကားကတော့ ခံပြင်းစရာကောင်းလှသည်။ ‘သူတို့ဟာ ရွှေခွက်နဲ့လိုက်တောင်းတဲ့ သူတောင်းစားတွေ’ ဟု။
မြန်မာ၊ ဖိလစ်ပိုင်စတဲ့ အရှေ့အာရှနိုင်ငံတွေရှိ ပြည်ပရောက်တရုတ်များက ဒေသခံနိုင်ငံသားများကို ‘ဒုတိယနိုင်ငံသား’ (second citizen)အဖြစ်သာ မြင်တတ်သည်ဟု ယေးလ်တက္ကသို လူမှု့ပါမောက္ခ Amy Chua က World on Fire စာအုပ်တွင် ရေးထားသည်။ ဆိုလိုတာက တရုတ်တို့က ပထမနိုင်ငံသား၊ ဒေသခံတွေက အိမ်ဖော်အဖြစ် လက်တိုလက်တောင်း ခိုင်းဖို့ဖြစ်သည်။ ထိုအမြင်ကို မျိုးဆက်လိုက် ရိုက်သွင်းသွားသည်ဟု ဆိုသည်။ ရှေ့လာမယ့် ဆယ်စုနှစ်များတွင် တရုတ်တို့နှင့် ဒေသခံများအကြား တိုးတိုက်မှုများ ဖြစ်လာဖွယ်ရှိနေသည်။
Copyright © 2010 Mauk Kha.
0 件のコメント:
コメントを投稿