Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/01/20

KNU အမှုဖြင့် အကျဉ်းကျနေသူများ လွှတ်ပေးရန် တောင်းဆိုမည်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ်



(ဝဲမှယာ) ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပဒိုစောဒေးဗစ်ထော၊ ဦးအောင်မင်းတို့ နေပြည်တော်တွင် တွေ့ဆုံကြစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရနှင့် အပစ်ခက်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပြီးဖြစ်သော ကရင်အမျိုးသား အစည်းအရုံး KNU က ၎င်းတို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအကျဉ်းကျခံနေရသူများ လွတ်မြောက်ရန် အစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင် အသီးသီးတွင် ထိန်းသိမ်းထားသော KNU တပ်ဖွဲ့ဝင်များ အပါအဝင်၊ မတရားအသင်းနှင့် ဆက်သွယ်မှု၊ ထောက်ပံ့အားပေးမှု၊ ဖောက်ခွဲမှု၊ လူသတ်မှုတို့ဖြင့် အမည်တပ် ဖမ်းဆီးထိန်းခံထားရသူ အားလုံးကို စာရင်းပြုစုကာ အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့ တောင်းမှာပါ။ အထူးသဖြင့် ရှေ့တန်းမှာ ကျနော်တို့ကို ထမင်းကျွေးတဲ့လူတွေ၊ ကျနော်တို့အထုပ်ကို ထမ်းပေးတဲ့လူတွေ၊ ကျနော်တို့ သွားတည်းခိုတာကို လက်ခံတဲ့လူတွေက အစပေါ့နော်။ သူတို့လည်း မျဉ်းစောင်း (/) အမှုတွေနဲ့ တော်တော်များ ရှိတာပဲ။ အဲဒီလူတွေကိုလည်း ပြန်လိုချင်တာပေါ့ဗျာ။ ကျနော်တို့ ထမင်းရှင်၊ ကျေးဇူးရှင်တွေ ဖြစ်နေတာပဲကို နော” ဟု ဒေးဗစ်ထော က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးအပြီး နေပြည်တော်သို့ သွားရောက်ခဲ့ စဉ်က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းက KNU နှင့်ပတ်သက်ပြီး အကျဉ်းကျသူများစာရင်းကို အစိုးရထံသို့ တင်ပေးဖို့ သဘောထား ရရှိပြီးဖြစ်ကြောင်း သိရသည်။

“ဝန်ကြီး ဦးအောင်မင်းကတော့ ပြောတယ်။ အဖမ်းခံထားရသူတွေ ရှိရင် တင်ပြပါ။ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်လို့ပြောတယ်” ဟု ဦးအောင်မင်း၏ ပြောဆိုမှုကို ကိုးကာ၍ ဒေးဗစ်ထော က ပြန်ပြောသည်။ KNU အနေဖြင့်လည်း အကျဉ်းသားစာရင်းများကို စုဆောင်းနေဆဲဖြစ်သည့်အတွက် အရေအတွက်အတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း ပြောသည်။

တောင်ငူ၊ အင်းစိန်၊ သရက်နှင့် ရွှေဘိုထောင်များတွင် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ၁၇/၁ အပါအဝင် KNU နှင့် ဆက်နွယ်၍ အကျဉ်းကျနေသူ ၆၉ ဦးရှိပြီး အများဆုံးမှာ တောင်ငူထောင်တွင် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက် ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“တချို့တွေကို KNU ကို ထောက်ခံတယ်။ အားပေးတယ်။ ထောက်ပံ့တယ်ဆိုပြီးတော့ ချထားတာ ရှိတယ်။ တချို့တွေ ကျတော့လည်း ရွာသားတွေပဲဗျ။ မတရားအသင်းရဲ့ အဖွဲ့ဝင်၊ မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ချထားတာတွေ ရှိတယ်။ တချို့တွေကျတော့ လူသတ်မှုတွေ၊ ဖောက်ခွဲမှုတွေနဲ့ စွဲထားတာလည်း များတယ်။ ဒီ ၆၉ ဦး ဆိုတာ ကျနော်တို့ လက်လှမ်း မီသလောက်ပဲ ရထားတဲ့စာရင်းပါ” ဟု ဦးဘိုကြည်က မဇ္ဈိမကို ပြောသည်။

KNU နှင့် ဆက်နွှယ်မှုဖြင့် အကျဉ်းကျနေသူများမှာ အနိမ့်ဆုံး ၃ နှစ်မှ ၂၈၊ ၅၆ နှစ်နှင့် တသက်တကျွန်းထိ ရှိကြောင်း ဦးတိတ်နိုင်က AAPP-B ၏ မှတ်တမ်းများကို ညွှန်းဆိုပြောသည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ဖြင့် KNU နှင့် ဆက်နွှယ်၍ အကျဉ်းကျနေသူများထဲမှ လွတ်မြောက်ခဲ့သူ ၁ဝ ဦးခန့် ရှိပြီဖြစ်သော်လည်း အင်းစိန်ထောင်တွင်ပင် မကြာခင်လွတ်မြောက်တော့မည့် ပဒို မန်းငြိမ်းမောင်အပါအဝင် ၁ဝ ဦးခန့် ကျသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးနိုင်းနိုင်းက ပြောသည်။

KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒို မန်းငြိမ်းမောင်သည် ယခင်နှစ် ဇူလိုင်လပိုင်းက တရုတ်နိုင်ငံထဲတွင် ပျောက်ဆုံး သွားခဲ့ပြီး ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခြင်း ခံထားရသည်။

KNU နှင့် အစိုးရ နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များ နေပြည်တော်၌ တွေ့ဆုံရာတွင် ဝန်ကြီးဦးအောင်မင်းက ပဒို မန်းငြိမ်းမောင်ကို တပါတည်း ထည့်ပေးလိုက်ရန် မူလက အစီစဉ်ရှိသော်လည်း စာရွက်စာတမ်းများ ပြည့်စုံမှု မရှိသေးဟုဆိုကာ အတူလိုက်နိုင်ခြင်း မရှိသေးဟု ပဒိုဒေးဗစ်ထော က ပြောသည်။ သို့သော် မကြာမီ ရက်ပိုင်း အတွင်း လွတ်မြောက်လာမည်ဟု ကရင်ခေါင်းဆောင်များ က ယုံကြည်နေကြသည်။

အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် မူအားဖြင့် သဘောတူခဲ့ကြသည့် အချက် ၁၁ ချက်ထဲမှ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအပါအဝင် နယ်မြေသတ်မှတ်ရေး၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး များ ပါဝင်ပြီး ယင်းအချက်များကို လက်တွေ့ အကောင်အထည်ဖေါ် ဆောင်နိုင်ရန်အတွက် ၄၅ ရက်အတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေး ကြဦးမည်ဟု KNU ထံမှသိရသည်။
http://www.mizzimaburmese.com/news/inside-burma/8903-knu----.html

0 件のコメント:

コメントを投稿