Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/29

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး

ဖေဖေါ်ဝါရီလ... 27 ရက် 2012 ခုနှစ်။
 
ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာ ကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာ သောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာ မပေးသဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ် တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။

"သူက သစ်ကယ်ရီ ဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်းရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူက နောက်မှာ ထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်း ပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကို သေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကို ဖုန်းဝင်လာတယ် ဖုန်း နိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။

2012/02/24

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း

By မအေးအေးမာ

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက

ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်း ကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-

“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။

ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”

အုန်းဖျန် ဒုက္ခသည် စခန်း မီးလောင်

2012/02/23

အကြွေးပြန်ဆပ်ရန် မြန်မာကို ကမ္ဘာဘဏ်ကအသိပေး


အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ် - ခိုင်မြဲသောငြိမ်းချမ်းရေးရရှိနိုင်ရာ အခြေခံအကျဆုံးသော အဆင့်များကို ကရင်အမျိုးသားအစည်းအရုံး ထုတ်ဖေါ်ကြေငြာ

 KNU_PR_Final__Burmese

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။
 
မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုး ထားသော်လည်း ပစ်ခတ် ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက် သွားရန် ရည်ရွယ်၍ ကရင်အမျိုးသား အစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်း လင်းပွဲကို KNU က ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် စစ်မှန်၍ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြ မြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့ သည်။
၎င်းအဆင့်(၄)ဆင့်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး၊ ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ အခြေခံ နိုင်ငံရေး ပြဿနာများကို အဖြေရှာရေးနှင့်  အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ပါဝင်ခြင်းတို့ ဖြစ်သည်။
KNU သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေတို့မှ လက်ရှိ ပဏာမ ပစ်ခတ်ရပ်ဆိုင်းရေး အခြေအနေ၊ KNU ၏ ရပ်တည်ချက်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် KNU ၏ အနာဂတ် လိုလား ချက်များကို တက်ရောက် လာသည့် သတင်းထောက်များအား ရှင်းလင်း ပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် လာမည့်မတ်လ ပထမပတ်တွင် မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံ သွားမည်ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံး ညီညွှတ်မှုကိုလည်း တပြိုင်နက်တည်း လုပ်ဆောင် သွားမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာပြသရန်လို

ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာအစိုးရ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှုများ ပေးခြင်း အားဖြင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆို လိုက်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“အာမခံချက် အပြည့်အ၀ ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေလိုတယ်။ မဲဆွယ် စည်းရုံးရေး ကာလတွေမှာလည်း ပါတီအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရမယ်။ နိုင်ငံတကာက လိုလားနေတဲ့ အာမခံချက်တွေကို မြန်မာအစိုးရ လုပ်ဆောင်ပြရမယ်” ဟု ၎င်းက ဆိုသည်။

ဒုက္ခသည်များ ဂျပန်သွားမလား

မြန်မာပြည်သားတွေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပဂေးဆံ အိုက်တိုး၊ သရီးဒီ စသဖြင့် လုပ်ငန်း အဖုံဖုံအတွက် ဂျပန် သွားရောက်ရေးဟာ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ သိန်းပေါင်း များစွာ ပုံပေးပြီး ကျိုးစား ရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များ အတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူး တခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုး ဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -
ဂျပန်နိုင်ငံ၏ ဒုက္ခသည် ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံး အစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ထိုနောက် ဂျပန်နိုင်ငံ၏ ဒုက္ခသည် အစီအစဉ်ကို စိတ်ပါ ဝင်စားသောသူများအား နို့ဖိုး ဒုက္ခသည် စခန်း ခန်းမဆောင်တွင် တွေ့ဆုံပါသည်။

2012/02/21

DKBA နဲ့ နယ်ခြားစောင့်တပ်ကြား တင်းမာမှု အစိုးရ၀င်ညှိ

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်တို့ အကြား တိုက်ပွဲတွေဟာ မနေ့ကစလို့ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေ ပိုင် လက်နက်ခဲယမ်းတွေကို နယ်ခြားစောင့်တပ်က လာရောက်သိမ်းယူဖို့ ကြိုးပမ်းရာကနေ စတင်ခဲ့တာပါ။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တဲ့တင်းမာမှုကို ဒီကနေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေကို ဆက်သွယ် စုံစမ်းထားတဲ့ သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
မြိုင်ကြီးငူဒေသမှာ မကြာသေးခင်ကမှ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်နဲ့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်ဖွဲ့စည်း ပေးထားတဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မူကြောင့် နယ်ခြားစောင့်တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကေဘီအေ ကို လက်နက်သိမ်းတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ရကြောင်း၊ အခုအခါမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း ဒီကေဘီအေ မြ၀တီမြို့ ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်မှူးကြီး မောင်လေးက ပြောပါတယ်။
“နေ့လယ် ၁၁ နာရီမှာ စနိုက်ပါနဲ့ ပစ်တယ်လေ။ ကျနော်တို့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ပစ်တာ။ သူ့ရဲ့ ဘယ်ဘက်လက်ဝါးမှာ ထိသွားတယ်လေ။ အခု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့က ညှိနှိုင်းနေတယ်။ ဆောင်ရွက်နေတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ သူတို့ ညှိနှိုင်းနေတာပေါ့။ ၀န်ကြီးအဆင့်နဲ့လား သမ္မတ အဆင့်နဲ့လားတော့ မပြောတတ်ဘူးလေ။ အဲဒီမှာ ညှိနှိုင်းနေတယ်။ တိုင်းမှူးကိုလည်း သူတို့ကို ညွှန်ကြားထားတာတွေ ရှိတယ် ကျနော်တို့ သိရသလောက်။ အခု ကျနော်တို့ဆီက လောလောဆယ် အပြင်က လူကြီးတွေ ညှိနေတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်ပါနဲ့လို့ အမိန့်ပေးထားလို့ သူတို့ အခုလောလောဆယ် ဘာမှ ပြန်မလုပ်သေးဘူး။”

ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဆဲကာလ ရှမ်း​နှင့်​ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ​ ဖြစ်ပွား

February 20, 2012

အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေကြား​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘော တူညီမှု​တွေ ရခဲ့​ပြီး​လို့​ မကြာ​သေး​ခင်မှာပဲ တဘက်နဲ့​တဘက် ပစ်ခတ်မှု​တွေ ပြန် ဖြစ်​နေပါတယ်။
အစိုး​ရနဲ့​ အပစ်အခတ်ရပ်​ရေး​ သ​ဘောတူညီမှု လက်မှတ်​ ရေး​ထိုး​ထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​အဖွဲ့​၊​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော်)က တပ်ဖွဲ့​တွေနဲ့​ နယ်​မြေခံ အစိုး​ရတပ်၊​ နယ်ခြား​စောင့်​ တပ်​တွေနဲ့​ ဖြစ်ပွား​ခဲ့​တာပါ။
ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့​နယ်ထဲမှာ ဒီလ ၁၇ ရက်​နေ့​ မနက်မှာ အစိုး​ရတပ် ခလရ ၂၃ က ရှမ်း​ပြည် တပ်မ​တော် (​တောင်ပိုင်း​)က တပ်မှူး​တ​ယောက်နဲ့​ ဇနီး​ဖြစ်သူတို့​ကို ပစ်ခတ်လို့​ နှစ်ဦး​စလုံး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။
“အပစ်အခတ် ရပ်စဲ​ရေး​ကို ယုံပြီး​တော့​ ကျ​နော်တို့​ တပ်မှူး​တ​ယောက် ​ဈေး​ဝယ်ပြီး​ ပြန်လာတာ။ အစိုး​ရတပ်နဲ့​တွေ့​တော့​ အပစ်ခံရတာ သူ့​မိန်း​မကိုလည်း​ ပစ်သတ်တယ်။ သူ့​ဆီမှာ ပါလာတဲ့​ ​ရွှေ​တွေ၊​ ​ငွေ​တွေလည်း​ ယူသွား​တယ်။ ​သေနတ် တလက်လည်း​ သိမ်း​ယူသွား​တယ်။”
၁၉ ရက်​နေ့​မှာ အစိုး​ရတပ်​တွေနဲ့​ ​ကျောက်မဲမြို့​နယ် ပုံဝိုး ​ကျေး​ရွာအုပ်စု ဝမ့်​ဟန်ဖိုက်ရွာနား​မှာ တကြိမ်၊​ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ မိုင်း​ပြင်း​မြို့​နယ် မိုင်း​ဟိုင်း​ တိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ဒီတိုက်ပွဲ​တွေဟာ အစိုး​ရ တပ်ဘက်က သ​ဘောတူညီချက်ကို မလိုက်နာဘဲ နယ်​မြေ​ကျော်လို့​ ဖြစ်တာလို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။
ဒီကိစ္စကို အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အကျိုး​တော်​ဆောင်​တွေဆီကို ဒီ​နေ့​ စာ​ရေး​မေး​မြန်း​ထား​တယ်လို့​ သူက ​ပြောပါတယ်။
“အပစ်အခတ် ရပ်စဲ​ရေး​ကို ယုံကြည်ပြီး​တော့​ သ​ဘောတူညီထား​တဲ့​အတိုင်း​ ​ကျေး​လက်​ ဒေသ​တွေမှာ ကျ​နော် တို့​နေကြတယ်။ မြို့​ထဲကိုလည်း​ ကျ​နော်တို့​ မသွား​ဘူး​။ ဒါ​ပေမယ့်​ မလိုအပ်တဲ့​ ပြဿနာ​တွေ ခုတ​လောမှာ နယ်​မြေ ရှင်း​လင်း​ရေး​ဆိုပြီး​တော့​ အစိုး​ရတပ်​တွေက ​ဒေသတဝိုက်ထဲ လာပြီး​ လှုပ်ရှား​နေတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​နဲ့​ ​တွေ့​တိုင်း​ ပြဿနာ ဖြစ်ရတယ်။”

2012/02/20

နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်

ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာတပ် ဒီကေဘ်ီအေ ကလိုထူးဖော ဗျုဟာ ဟာ မြိုင်ကြီးငူ ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့နေရာကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေက လက်နက်တွေ လာသိမ်းတဲ့အတွက် ပစ်ခတ်မူတွေ ဖြစ်ခဲ့ပြီး သူတို့လက်နက်တွေ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက၊
“လက်ရှိ မြိုင်ကြီးငူဒေသမှာ နယ်ခြားစောင့်တပ်က (၁၀၁၁) ကပေါ့နော် ကျနော်တို့ သေနတ်တွေကို ငါးနေရာ ၀င်သိမ်းတာ။ ကျနော်တို့ဘက်ကလည်း ခုခံပစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်လိုက်တယ်။ သူတို့ အလောင်းတစ်လောင်း ကျန်တယ်ပေါ့။ သူတို့က ကျနော်တို့လက်နက် ၀င်သိမ်းတဲ့အချိန်မှာ ကားနဲ့လာတာ သူတို့ ကျနော်တို့ကို ပစ်တဲ့အခါကျတော့ ကျနော်တို့ တပ်ကလည်း သူတို့ကို ခုခံပစ်တယ်။”

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား


 
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၉)ရက်။


(၆၅)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို တိုကျို Toshima-ku Kumin center 6F မှာ ဂျပန်နိုင်ငံရောက် ပုညကာရီ မွန်အမျိုးသားအဖွဲ့ (ဂျပန်) မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ကြပြီး ဂျပန်နိုင်ငံ ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအကိုများတို့ မှပူးပေါင်း ပါဝင်ခဲ့ကြပါသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ပထမပိုင်း ကျင်းပပြုလုပ်သည့် နိုင်ငံရေး အခမ်းအနား၌ မွန်အမျိုးသား အလံတော်အား အလေးပြုခြင်း ၊ မွန်ပြည်သစ် ပါတီ အထွေထွေအတွင်းရေးမှူးမှ ပေးပို့လာသည့် သ၀ဏ်လွှာကို ဖတ်ကြားရာ၌ မွန်အမျိုးသားများတို့သည် ဘိုးဘေးဘီဘင်တို့ လက်ထက် ခေတ်ပေါင်း နှစ်ပေါင်းများစွာ အသက်သွေးချွေး များစွာပေးပြီး အမျိုးသားရေး တာဝန်ကို ထမ်းဆောင် ခဲ့ကြသဖြင့် လွတ်လပ်ပြီး ထင်ရှားသော လူမျိုးတမျိုး ဖြစ်လာခဲ့ သည်။ ယနေ့ မိမိတို့ နိုင်ငံတွင် မွန်လူမျိုးများသည်လဲ မလွတ်လပ်သေးဘဲ မွန်လူမျိုးများ နည်းတူ အဖိနှိပ်ခံ နေကြရသော ဘ၀တူ တိုင်းရင်းသားလူမျိုး အားလုံး စုပေါင်း၍ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများ  ရရှိသည်အထိ အတူတကွ လက်တွဲပြီး ရုန်းကန် လှုပ်ရှား တိုက်ပွဲဝင်သွားကြရန် လိုကြောင်း ထည့်သွင်း ဖေါ်ပြထားပါသည်။
ဒုတိယ ပိုင်းရိုရာယဉ်ကျေးမူ ဖျော်ဖြေရေး အစီအစဉ်တွင် မွန်အမျိုးသားတို့၏ ရိုးရာသီချင်းများ ၊ယဉ်ကျေးမှုအကများဖြင့် တင်ဆက်ဖျော်ဖြေသွားပါသည်။ အခမ်းအနားကို ညနေ ၆း၀၀ နာရီတွင် စတင်ကျင်းပပြုလုပ်ကာ ညနေ ၉း၀၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပြီး အုန်းထမင်း ကြက်သားဖြင့် ဧည်ခံခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ PMNS-Japan
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

2012/02/19

အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူဆို

February 18, 2012
အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတို့ အကြားမှာ  အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ အစိုးရ တပ်ဘက်က ကေအန်ယူ နယ်မြေထဲကို တပ်တွေ တိုးချဲ့ တာမျိုးတွေပဲ ဖြစ်နေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောပါတယ်။
လောလောဆယ် ကေအန်ယူ နယ်မြေထဲမှာ အစိုးရ တပ်စခန်းပေါင်း ရာနဲ့ချီပြီး ချထားပြီး ဒေသခံ တွေကိုလည်း ကန့်သတ်မှုတွေ လုပ်နေတယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆိုရင် ကျနော်တို့ နယ်မှာ အပစ်ရပ်တယ်။ သူတို့တွေကို ရိက္ခာပို့ဖို့ ခွင့်ပြုတယ်။ အခုဟာက ကျနော်တို့ နယ်မြေထဲလည်း လာနေသေးတယ် စခန်းပေါင်းက ၂၀၀ လောက်ရှိတယ်။ စခန်း ပတ်ဝန်းကျင်း ကိုက် ၂၀၀၀ လောက်ကို မ၀င်ရဘူးတို့၊ လမ်းဘေး ကိုက် ၅၀၀ မ၀င်ရဘူးတို့၊ ဒီလိုလုပ်ရင် ကျနော်တို့ နယ်ခံတွေလည်း မနေတတ်တော့ဘူးလေ။ ကျနော်တို့ကပဲ လက်နက် ချသွားတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။”
အစိုးရနဲ့ ကေအန်ယူတို့ ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံပြီး အပစ်ရပ်ရေး ပဏာမ သဘော တူညီချက် လက်မှတ် ထိုးခဲ့စဉ်က  ကေအန်ယူဘက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ပြည်သူ့ဘဝ ပြန်လည် ထူထောင်ရေး စတဲ့ အချက် ၁၁ ချက်ကို တင်ပြ ခဲ့ပါတယ်။
ဖေဖော်ဝါရီ လကုန်လောက်မှာ နှစ်ဘက်ပြန်တွေ့ဖြစ်ရင် တိတိကျကျ စည်းကမ်း သတ်မှတ် ရမှာတွေ ရှိနေတယ်လို့ ဒိုစောဒေးဗစ်သာကပေါက  ဒီဗွီဘီကို ပြောပါတယ်။

အိမ်မပြန်နိုင်သေးတဲ့ ကချင် ဒုက္ခသည်တွေရဲ့ အခြေအနေ ရုပ်သံသတင်း

မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဆွေးနွေးပွဲတွေ ဖြစ်နေပေမဲ့ တိုက်ပွဲ တွေကလည်း ဆက်လက် ဖြစ်ပေါ် နေပါတယ်။ လက်ရှိ အိမ်မပြန်နိုင်သေးတဲ့ ကချင် ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ကချင်ကယ်ဆယ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့တို့ကို မေးမြန်း တင်ပြထားပါတယ်။
Copy from - RFABurmeseVideo

ဘာသာရေး နှီးနှောဖလှယ်ပွဲမှ ကရင်အမျိုးသားများ စည်းလုံး ညီညွှတ်ရေး ဦးတည် လုပ်ဆောင်သွားမည်

ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၂
ကရင်အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာများတွင် ကရင်လူမှုအသိုင်း အ၀ိုင်းတွင်းရှိ  ဘာသာပေါင်းစုံမှ ဆရာတော်၊ သံဃာတော်များ ပါဝင် ဆောင်ရွက် သွားရန် ဆွေးနွေးသည့်  ဘာသာရေး နှီးနှော ဖလှယ်ပွဲ တစ်ခုကို ထိုင်း-မြန်မာနယ် စပ်တစ်နေရာ၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပ ပြီးစီး ခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ရက်မှ ၁၇ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ဘာသာပေါင်းစုံမှ ရဟန်း သံဃာတော်များ၊ သိက္ခာတော်ရ ဆရာတော်များ၊ ကရင် အဖွဲ့အစည်းတချို့မှ လူပုဂ္ဂိုလ်များ အပါအ၀င် စုစုပေါင်း ၉၅ဦး တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံရှိ ဘာသာရေး အဖွဲ့တခု၏ အကူအညီဖြင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ပြည်ထဲရေးနှင့် သာသနာရေးဌာန(ဗဟို)မှ ကမကထ ပြု ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကေအဲန်ယူမှ ဆောင်ရွက်နေသည့် အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းပြခဲ့ပြီး တက်ရောက်လာသည့် သံဃာတော်၊ ဆရာတော်များနှင့် ကရင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များက လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး-၁ ဗိုလ်မှူးစောလှငွေက “ကရင် လူထုတစ်ရပ်လုံး အပေါ်မှာ ဘာသာရေး ခေါင်းဆောင်တွေ ရှိတယ်။ မျှော် မှန်းချက်က ငြိမ်းချမ်းရေး၊ ညီညွှတ်ရေး တည်ဆောက်ဖို့အတွက် inclusive ပေါ့။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပါဖို့ အတွက် ရည်ရွယ်ချက်က ပြည့်မြောက်သွားတယ်။”ဟု ဆိုသည်။

ထို့အပြင် ကရင့်အမျိုးသားအတွင်းမှ ညီညွှတ်ရေးဖြစ်စေ၊ အစိုးရနှင့် ကရင့်တော်လှန်ရေး ညီညွှတ်ရေးဖြစ်စေ ဘာသာရေး ပုဂ္ဂိုလ်များ မပါမဖြစ် ပါဝင် ရမည်ဖြစ်ကြောင်းနှင့် အမျိုးသားအတွင်း ဘာသာအရ၊ နယ်မြေအရ၊ အသင်းအဖွဲ့ ဂိုဏ်းဂဃ ပုံစံအရ ကွဲပြား ခြားနားမှုများကို ပြန်လည် ညီညွှတ် စေရေးကို တည်ဆောက် သွားကြရမည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။

2012/02/18

သူရ ဦးရွှေမန်းတင်သည့် ဝန်ထမ်းလစာတိုးရေးအဆို ဦးသိန်းစိန်အစိုးရ ပယ်ချ

 
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်း လစာများ မဖြစ်မနေ တိုးမြှင့်ပေးရေး အဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု အစိုးရက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း (ဓာတ်ပုံ - AP)
ပြည်ထောင်စုအစိုးရသည် ပြည်တွင်း၌ဘတ်ဂျက်လိုငွေကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်  အကြောင်းပြချက်များဖြင့် ဝန်ထမ်း လစာတိုးမြှင့်ရေး အဆိုကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
သူရ ဦးရွှေမန်း၏ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆိုအား ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များအားလုံး တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ၁၉၅၉ – ၁၉၆၀ ခုနှစ်က နိုင်ငံ့ဝန်ထမ်းများ ရရှိသည့် လစာစရိတ်အတိုင်း ခံစားနိုင်ရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု အစိုးရကို တိုက်တွန်းခဲ့သည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်၏ တောင်းဆိုမှု အပေါ် သမ္မတ ဦးသိန်းစိန်ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တုံ့ပြန်ရှင်းလင်းခဲ့ပြီး လာမည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းလစာတိုးရန် မဖြစ်နိုင်ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်သာ ပြင်ဆင်လုပ်ဆောင်၍ ရနိုင်မည်ဖြစ်ကြောင်း ပြောဆို ငြင်းပယ်လိုက်သည်။
နယူးယောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဇာဂနာရဲ့ “ရုန်းကန်ရှင်သန်နေသော အလှတရား” ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲ (ကြာမြင့်ချိန် ၄၉ မိနစ် ၁၄ စက္ကန့်) 

Copyfrom - drlunswe

2012/02/16

စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး


တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး တောင်းဆို ကြကြောင်း သိရ သည်။

စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာ အေးမောင် က ပြောသည်။
“အရပ်ဘက်ဌာနတွေရဲ့ အကြီးအကဲတွေ အားလုံးကို စစ်တပ်က အငြိမ်းစားတွေ ခန့်ထားတာ ရပ်တန့်ပေးဖို့၊ ဒီလုပ်ရပ်ဟာ အရပ်ဘက် ၀န်ထမ်းတွေရဲ့တက်လမ်းတွေကို ပိတ်ပင်ရာ ရောက်တော့ စစ်တပ်အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်နေတာတွေ ကို ပြေပျောက်သွားစေချင်တဲ့ အတွက်ပါ”ဟု ဒေါက်တာ အေးမောင် က ဆိုသည်။
မလွှဲ မရှောင်သာ ခန့်ထားရမည်ဆိုပါက ရဲ ဌာနကဲ့သို့ နေရာမျိုး၌ စစ်ယူနီဖောင်းဖြင့်သာ ခန့်ထားရေး စသည့် စစ်တပ်၏ အခန်း ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက“ရေတပ် သဘောင်္ကျင်းမှာ လုပ်ခဲ့တဲ့အင်ဂျင်နီယာကို ကုန်းပေါ်က စက်ရုံမှာ ခန့်ထားတော့ သဘောသဘာဝ လုံးဝကွာနေတဲ့ အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတယ်”ဟု ဆိုသည်။

သတ်မှတ်ချိန် အတွင်းမြန်မာအစိုးရ နှင့် တွေ့ရန် မသေချာဟု ကေအဲန်ယူပြော

ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
 
မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ဆုံ ရန် သတ်မှတ် ထားသော်လည်း ယင်းသတ်မှတ်ချိန် အတွင်း တွေ့ဆုံနိုင်ခြင်း ရှိမရှိ မသေချာသေးဟု ကရင်အမျိုးသားအစည်းအ ရုံး (KNU) က ပြောသည်။
“ကျမတို့ မြန်မာအစိုးရနဲ့ ပြန်တွေ့ဖို့ ဒီ(ဖေဖော်ဝါရီ)လတော့ ပြန်တွေ့ဖို့ သိပ်မသေချာသေးဘူး။ လောလောဆယ် အစိုးရနဲ့ ထပ်မံ တွေ့ဆုံဖို့ ကိုယ်စားလှယ်လည်း ရွေးချယ်တာ မရှိသေးပါဘူး။ နောက်လ(မတ်လ)တော့ တွေ့ကောင်း တွေ့ဆုံနိုင် တယ်။”ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီသို့ ပြောသည်။
KNU သည် ၎င်းတို့အဖွဲ့အတွင်း တဆင့်ပြီးတဆင့် တိုင်ပင်ဆွေးနွေးကာ မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးသွားရန် ရှိ သည်ဟု သူမက ဆက်ပြောသည်။
ယခင်လ ဇန်န၀ါရီလ ၁၂ရက်နေ့၌ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ပြည်နယ်အဆင့်ရှိ မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိသကဲ့သို့ ပြည်ထောင်စုအဆင့်ရှိ အစိုးရကိုယ်စားလှယ်များနှင့် ၄၅ရက်အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

2012/02/15

ပဒိုမန်းရှာလားဖန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အခမ်းအနား မဲဆောက်တွင် ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ခုနှစ်
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
Copy from - drlunswe

အစိုးရစစ်တပ်က ရိက္ခာတင်ကား အပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့ဆောင်လာ


ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလောမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၂၀စီးပို့ ဆောင်သည့်အပြင် လက်နက်ခဲယမ်းတင်ကား ၄စီးပါ ၎င်းတို့ ခြေကုပ်စခန်း တစ်ခုဖြစ် သည့် ထီးထာစခန်းသို့ ပို့ဆောင်လာသည်ဟု စစ်ဖက်ဆိုင်ရာသတင်းအရ သိရသည်။

အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ-၂၀မှ နည်းဗျူဟာ(၂)အခြေစိုက်စခန်းဖြစ်သည့် မြိတ်မြို့အရှေ့ဖက်ခြမ်းရှိ ထီးထာစခန်းသို့ ယခုလ ၇ရက်နေ့တွင် ထားဝယ်မြို့မှ တစ်ဆင့် ရိက္ခာတင်ကားကြီး ၂၀စီးပို့ဆောင်သကဲ့သို့ ၁၁ရက်နေ့တွင် လက်နက်ခဲယမ်းတင်ကား ၄စီး အား ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို နဗဟ(၂)မှူး ဗိုလ်မှူးကြီး အောင်မြင်တာဝန်ယူ ပို့ ဆောင်ခြင်းဖြစ်ပြီး ၎င်းစစ်ရိက္ခာပစ္စည်းများကို ပို့ဆောင်ရာတွင် ဒေသခံရွာသားများအား ခေါ် ယူခိုင်းစေမှုများလည်း လုပ်ဆောင်လျှက်ရှိသည်ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြော သည်။

၎င်းက “ရွာသားတွေကို ကားနောက်လိုက်တဲ့အနေနဲ့ လုပ်အားပေးခေါ်တယ်။ အခုထီးထာ စခန်းကို ရောက်တဲ့ ကားက (၂၄)စီးပဲရှိသေးတယ်။ ထားဝယ်မှာ အစီး ၄၀-၅၀ ကျန်သေးတယ်။ ထပ်ပို့ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတုန်းပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

2012/02/13

ဂျပန်ရောက် ကရင်လူမျိုးများမှ စုပေါင်း၍ ကွယ်လွန်သူ
 ဖဒို မန်းရှာလားဖန်း၏ (၄) နှစ်ပြည့် တရားနာအမျှဝေ ကောင်းမှုပြုပွဲ ပြုလုပ်မည်
 ဖဒို မန်းရှာလားဖန်း
အထွေထွေ အတွင်းရေးမှူး
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)
ကိုယ်ရေးအကျဉ်းချုပ်

·       ဖဒို မန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါ့နမ့်တင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ (၂)ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်ရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေး အမည်မှာ မန်းရှာလားဖန်း ဖြစ်သည်။
·       ၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ် ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်းနှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းတွင် (၈)တန်းအောင်မြင်ကာ ရန်ကုန်မြို့တွင် အထက်တန်း အောင်မြင်ခဲ့သည်။
·       ၁၉၆၂ ခုနှစ် ရန်ကုန်မြို့၌ တက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ် ၀ိဇ္ဇာတန်းကို သမိုင်းအဓိကဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။
·       ၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ ကေအဲန်ယူ၏ မြေအောက်လှုပ်ရှားမှု တာဝန်များကို ဆောင်ရွက်ခဲ့သည်။
·       ၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေး နယ်မြေထဲသို့ ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
·       ၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
·       ၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေး ရဲမေ နမ့်ကျင်ရွှေနှင့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီး(၄)ဦး ထွန်းကားခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
 
 
တနင်္ဂနွေ, 12 ဖေဖော်ဝါရီ 2012 By မသိင်္ဂီထိုက်

စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့ လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။
“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ်        အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”
တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား 



၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်။ 

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Toshima-ku, Ikebukuro KOKAIDO - Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ အဖွဲ့အစည်းတို့မှ စုပေါင်း၍ ကျင်းပ ပြုလုပ်ခဲ့ပါသည် အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစာချုပ် နောက်ခံသမိုင်းများ ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အနာဂတ် တည်ဆောက်လို့သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်တို့မှ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် အထူးဧည့်သည်တော် လက်ရှိအာဏာရပါတီ ဂျပန် အောက်လွတ်တော် အမတ် Mr.Naoto SAKAGUCHI ၊ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် RENGO(JTUC) နိုင်ငံခြားရေး တာဝန်ခံ Mr.Hitoshi TAKEZUME တို့မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တေးသီချင်းများ ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပြီး ည ၈း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ ပြည်ထောင်စုနေ့ အခမ်းအနားမှ ဆွေးနွေးချက်များအပေါ် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum၊ Moe Min Thu

ကျောင်းသားတွေ သဘောတူတဲ့ ပင်လုံစာချုပ်သစ်

Written by မောင်ရမ္မာ

ပင်လုံစာချုပ်ဆိုတာ အင်္ဂလိပ် လက်အောက်ကနေ တောင်တန်းနှင့်ပြည်မ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူနိုင်ရေးအလို့ငှာ "တိုင်းရင်းသားများနှင့် အတူလက်တွဲကာ ငြိမ်းချမ်းစွာ နေထိုင်ပါမည်" ဟူသော ကတိက၀တ်ကြောင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြတယ်။

ပင်လုံစာချုပ်အကြောင်းကို ကျနော်သင်တဲ့ လူမှုသိပ္ပံဘာသာတွဲ Grade 11 (A) မှာသင်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာရတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို မိတ္တူဆွဲပေးပြီး ကျောင်းသားတွေကို လေ့လာခိုင်းပါတယ်။ သူတို့တွေမှာရှိတဲ့ ပင်လုံနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို လေ့လာထားဖို့ လိုအပ်ကြောင်းကို ကျောင်းသားတွေကို ပြောဖြစ်ပါတယ်။

ကျောင်းသားတွေကို အုပ်စုနှစ်ခုခွဲပြီး တစုက ဗမာကိုယ်စားပြုအဖွဲ့နဲ့ နောက်တစုက တိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးမှုလေး ဖြစ်လာဖို့ ၄၅ မိနစ် စာသင်ချိန် ၄ ချိန်လောက်ကို သုံးခဲ့ရပါတယ်။ ဆွေးနွေးပွဲဖြစ်တော့ ထင်ထားတာထက် အချိန် ပိုကြာတာကို တွေ့ရပါတယ်။ ဆွေးနွေးပွဲကြာချိန် တနာရီ ခွဲ ထိကြာခဲ့ပါတယ်။ အခုတလော ကြားနေရတဲ့ ခေတ်သစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထက် အချိန် ပိုကြာတယ်လို့ ပြောနိုင်ပါတယ်။

ဗမာတိုင်းရင်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်တဲ့ ကျောင်းသားပြောဆိုသွားတာ တော်တော်ကောင်းတယ်လို့ ပြောရပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဒို့တိုင်းရင်းသား ညီအကို မောင်နှမတွေ ဥမကွဲ သိုက်မပျက် နေထိုင်ဖို့ ဆွေနွေးဖို့လာတဲ့ အကြောင်းကို စကားဦးချီ ပြောသွားတာ ဒီနေ့ငြိမ်းချမ်းရေးဆွေးနွေးနေ တဲ့ မြန်မာပြည် က ခေါင်းဆောင်တွေလေ့ လာသင်တယ်လို့ထင်မိပါတယ်။

ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား သွားပြောတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကြီးထက် ကျနော့် အထက်တန်း ကျောင်းသားတွေက ပိုတော်မယ် ထင်ပါတယ်။

ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေအတွင်း အစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၁၅၀စီး ထပ်မံရောက်ရှိ

Friday, 10 February 2012--
ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေရှိ ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ဘောဂလိ ဒေသဘက်တွင် အစိုးရတပ်၏ ရိက္ခာတင် ကား ၁၅၀စီး ထပ်မံ ရောက်ရှိလာသည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ၀င်းဘိုရွှေ ဦးဆောင်သည့် အစိုးရ စစ်တပ် တပ်မ (၆၆)မှ စစ်ရိက္ခာတင်ကား ၇၀စီးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နှင့် ၇ရက်နေ့တွင် တောင်ငူမြို့နယ်၊ ဘောဂလိ ဒေသသို့ ရောက်ရှိလာပြီး (၈)ရက်နေ့ ညနေတွင်လည်း ရိက္ခာတင်ကား ၈၀စီး ထပ်မံ ရောက်ရှိလာသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ (၇)ရက်နေ့မှစပြီး ယနေ့အချိန်ထိ မြန်မာစစ်တပ်သည် ဘောဂလိကြီး၊ မောင်းတိုင်ကြီး၊ ဘူးဆာခီးရှိ ၎င်းတို့ အခြေစိုက် စခန်းများသို့ ရိက္ခာ ပို့ဆောင်ပေးရာတွင် ဒေသခံ ရွာသားများ၏ ဆိုင်ကယ်များအား ချောဆွဲနေကြသည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။
ရိက္ခာ ပို့ဆောင်နေသည့် အစိုးရ စစ်ဗိုလ်တစ်ဦးက “ဒီနယ်မြေက စစ်ဆင်ရေးနယ်မြေ။ မင်းတို့ကို ငါတို့ခိုင်း ချင်သလို ခိုင်းလို့ရ တယ်။ အခု ကေအဲန်ယူနဲ့ ငါတို့ နားလည်မှုရထားတော့ ဒီလို သယ်ခိုင်းဖို့ကိုလည်း ကေအဲန်ယူနဲ့ နားလည်မှု ရထားပြီးသား” ဟု ချောဆွဲ ခံရသည့် ရွာသားများအား ပြောကြားမှုကို ကိုးကား၍ ဒေသခံ တစ်ဦးက ပြန်ပြောသည်။



အစိုးရစစ်တပ် တပ်မ(၆၆)သည် ဘောဂလိ ဒေသတွင် ယခုလဆန်းပိုင်းတွင်လည်း ရာနှင့် ချီသည့် ရိက္ခာတင် ကားများ ပို့ဆောင် ရာတွင် ဒေသခံများ ဆိုင်ကယ်များကို ရိက္ခာသယ် ပို့ခိုင်းသည့် အပြင် မော်ချီး-တောင်ငူသွားသည့် ကားလမ်းတွင်လည်း တောမီး ရှို့ခြင်းများ လမ်းဘေး တစ်လျှောက် လုပ်ဆောင် နေသောကြောင့် ရွာသားများ၏ ဖာလာခြံ၊ ကွမ်းခြံ၊ အုန်းခြံ၊ ဒူးရင်းခြံ၊ မင်းကွတ် ခြံများမှာ မီးလောင်ကျွမ်းခံရသည်။
ဇန်န၀ါရီလ ၁၂ရက်နေ့က အစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငြိမ်း ချမ်းရေး ဆွေးနွေးခဲ့ရာ ၎င်းတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဘက်ပစ်ခတ်မှုများရပ်ဆိုင်းရေး အပါအ၀င် ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက် (၅)ချက်ဖြင့် လက်မှတ် ရေးထိုးခဲ့သည်။
ထို့နောက် အစိုးရစစ်တပ်ဘက်မှ ကေအဲန်ယူ လှုပ်ရှားရာ နယ်မြေများတွင် စစ်ရိက္ခာ ပို့ဆောင်မှုများနှင့် အတူ စစ်တပ် အင်အား တိုးချဲ့မှုများ ဆက်တိုက်လုပ်ဆောင်လျှက် ရှိသည်။
အစိုးရစစ်တပ်ဘက်မှ ယခုလို စစ်ရိက္ခာပို့ဆောင်များ အဆက်မပြတ်လုပ်ဆောင်ခြင်းသည် အစိုးရနှင့် ကေအဲန်ယူတို့အကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်သည် အချိန်မရွေး ပျက်ပြယ် သွားနိုင်ကြောင်း စစ်ရေးလေ့ လာသူများက သုံးသပ်ကြသည်။
စောမြင့်သိန်း

သတင်းရင်းမြစ် - ကေအိုင်စီ

2012/02/12

(၆၄)နှစ်မြောက် ကျရောက်သော ကရင်အမျိုးသားနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ (တိုကျို) တွင်ကျင်းပ
မှတ်တမ်းဓါတ်ပုံ။ ။ Moe Min Thu

2012/02/11

NLD နဲ့ ပူးပေါင်းဖို့ အပစ်ရပ် ကရင်ခေါင်းဆောင် ပြောကြား

2012-02-10
ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Photo: AFP
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီးစောဌေးမောင် တို့ တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်းနေစဉ်
ဒီတွေ့ဆုံပွဲမှာ ကရင်ငြိမ်းချမ်းရေး ကောင်စီအနေနဲ့ အန်အယ်လ်ဒီပါတီ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး စောဌေးမောင်က အခုတစ်ကြိမ်မှာ အစိုးရဘက်က နားလည်ပွင့်လင်းမှု ရှိလာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဲရဲတင်းတင်း လာရောက် တွေ့ဆုံတာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ စကားပြန်ကတစ်ဆင့် ကရင်ဘာသာနဲ့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တစ်စိတ် တစ်ဝမ်းတည်းရှိကြောင်း အလေးထားပြီး ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 
 copy rights_ http://www.rfa.org/burmese/news/nld-knu-02102012094821.html

အပစ်အခတ်ရပ်ဆိုင်းရေးကာလ အစိုးရစစ်တပ်နှင့် ကေအဲန်ယူ တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူတို့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီနေချိန်တွင် ပြီးခဲ့သည့်ရက် ပိုင်းကေအဲန်ယူ လက်အောက် ခံတပ်ရင်းနှင့် အစိုးရ စစ်တပ်တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုလ ၈ရက်နေ့က ကေအဲန်ယူထိန်းချုပ်ရာနယ်မြေအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင် မြစ်ကမ်းနံဘေးတွင် တကြိမ်၊ (၉) ရက်နေ့ညပိုင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီးလင်းချောင်း ဘေးနားတွင် တကြိမ် ၎င်းတို့နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ (၅)က ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက “တပ်မဟာ(၅)နဲ့ (၇)ကြားမှာ တခါဖြစ်တယ်။ ဘီး လင်းချောင်းနားမှာ တခါဖြစ်တယ်။ အစိုးရဘက်က ဗိုလ် (၃)ယောက်သေတယ်။ သေတဲ့အထဲမှာ ဗိုလ်မှူး တစ်ယောက်ပါတယ်။ ရုံးသို့ အချက်အလက် စုံစုံလင်လင် မရောက်သေးတဲ့အတွက် လော လောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်”ဟု ကေအိုင်စီသို့ အတည်ပြုပြောခဲ့သည်။

အစိုးရစစ်တပ်ဘက်က ကေအဲန်ယူ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်နာမှု မရှိသော ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုတွင် ကေအဲန်ယူဘက်က ထိခိုက်ကျဆုံးမှု မရှိ ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
အရှင်ဂမ္ဘီရ ပြန်လွတ်
 
 
 သောကြာ, 10 ဖေဖော်ဝါရီ 2012 By ကိုကျော်ကျော်သိန်း

ကာနေ့ မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့ ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။ သောကြာနေ့ ညဥ့်နက်ပိုင်းမှာ ကိုကျော်ကျော်သိန်းက မခင်သူဌေးကို ဆက်သွယ် မေးမြန်းတဲ့အခါ အရှင်ဂမ္ဘီရ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။
“၁၀ နာရီလောက်က ကျမဆီကို ဖုန်းဆက်ပါတယ်။ ဥပဉ္ဇင်းက လွတ်လာပြီဆိုတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ကျမကို ပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီပါ။”
ဥပဉ္ဇင်းကို လာခေါ်သွားတာ ဘယ်နေ့ ဘယ်အချိန်ကပါလဲခင်ဗျာ။ -
“သောကြာနေ့မနက် ၂ နာရီလောက်ကပါ။ လယ်တီ ကျောင်းတိုက်ကနေ လာခေါ်သွားတာရှင့်။”
ဥပဉ္ဇင်းကို ပင့်ပြီးတော့ ဘယ်ကိုပင့်သွားတယ်လို့ သိရပါသလဲ။ -
“သူ ပြောသွားတာက ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးလို့ ပြောတယ်။ နေ့ခင်းတုန်းက ကိုအောင်ကျော်ကျော်နဲ့ ကိုညီညီထွေး လိုက်သွားတယ်၊ လိုက်သွားတုန်းကတော့ စုံစမ်းလို့ မရခဲ့ဘူး။ ဌာန လေးဌာန ရောက်တယ်။ သူတို့က အုပ်ချုပ်ရေးမှူး အစိုးရက ဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး မရှိဘူးလို့ စာထောင်ထားတယ်။ နောက် လူမှုဌာနကို လွှဲတယ်။ လူမှုဌာနကလည်း မှုခင်းတပ်ဖွဲ့ကို ပြန်ပြီး လွှဲတယ်။ မှုခင်းတပ်ဖွဲ့ကို မေးတော့လဲ ထလရ နိုင် ကိုလွှဲတယ်။ အဲဒါနဲ့ အဆင့်ဆင့်မေးတာ။ လေးနေရာ ရောက်ခဲ့တယ်။ ဒါပေမဲ့ မသိကြဘူးပေါ့။ ကျမတို့လည်း စိတ်ပူတာပေါ့။ မိုးချုပ်မှ ကျောင်းကနေ အိမ်ကို ပြန်လာခဲ့တယ်။ ပြန်လာတော့ ည ၁၀ နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်။ ဘုန်းကြီးက သူ ကျောင်းကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါပြီတဲ့။ ရောက်ပြီဆိုတာနဲ့ အဲဒါ ဥပဉ္ဇင်း ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ သူက မဟန ဆရာတော်ကြီးတွေနဲ့လည်း တွေ့ပြီးပါပြီတဲ့။ ဥပဉ္ဇင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လားဆိုတော့ ဆက်ဆံပါတယ်တဲ့။ အဲဒီလိုပဲ ပြောပါတယ်။ ဆရာတော်ကြီးတွေနဲ့တော့ အေးအေးဆေးဆေးပါပဲ တဲ့။”
ဒါဆို အစ်မနဲ့ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ ဥပဉ္ဇင်း ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်မှာ သတင်းပြန်သုံးပြီးပေါ့နော်။ -
“ဟုတ်ပါတယ်။”
မဂ္ဂင်ကျောင်းတိုက်ကို သူတို့ လာပို့သွားတာလား။ ဒါမှမဟုတ် ဥပဉ္ဇင်းက ကိုယ့်ဘာသာကိုယ် ပြန်ကြွလာတာလား။ -
“သူတို့ ပြန်လာပို့တာလို့ ပြောတယ်။”
အရှင်ဂမ္ဘီရ ရဲ့ အစ်မတော်ဖြစ်သူ မခင်သူဌေးပါ။ အရှင် ဂမ္ဘီရဟာရွှေ ၀ါရောင် တော်လှန်ရေးလို့ နောက်ပိုင်းမှာ ထင်ရှားတဲ့ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာသံဃာထု လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်မှုကြောင့်ပဲ ဖမ်းဆီးခံခဲ့ရပြီး ပထမ ထောင်ဒဏ် ၆၈ နှစ်၊ နောက် ၅ နှစ်လျှော့ပြီး ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဖမ်းဆီးခံရပြီး ထောက်လှမ်းရေး စစ်ကျောရေး စခန်းမှာရော အကျဉ်းထောင်ထဲမှာပါ ညှဉ်းပန်း နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့လည်း မိသားစုဝင်တွေက ပြောထားဖူးပါတယ်။
အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး မြောင်းမြထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
copy rights_http://www.voanews.com/burmese/news

2012/02/10

ကရင့်ခေါင်းဆောင် ဖဒို သမိန်ထွန်း မှ တွေ့ ဆုံဆွေးနွေရေး အတိတ်သမိုင်းကြောင်း ကို ပြန်လည်ဖွင့်လှစ်ခြင်း ရုပ်သံ ဒီမိုကရက်တစ်မြန်မာ့အသံ - ရုပ်သံမှတ်တမ်း (၈-၂-၂၀၁၂)

Copy from - drlunswe

2012/02/09


ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

 ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012 By မစုမြတ်မွန်
ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။
ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

2012-02-08
ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင် အလုပ်လုပ်နေသော တောင်သူလယ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
ဒေသခံ လယ်သမားကြီးတစ်ဦးလည်းဖြစ်၊ လယ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သူ ဦးသန်းဆွေက ခုလို ပြောပြပါတယ်။ “ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုပါမှသာ ကျွန်တော်တို့ရဲ့အခက်အခဲ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် စုဝေးဟောပြော ကြွေးကြော်ခွင့် ပြုဖို့ ကျွန်တော်က နေရာကိုလည်း သတ်မှတ် ပေးထားပါတယ်။ ရက်ကိုလည်း ၁၄ ရက် ၂ လ ၂၀၁၂ ရက်နေ့ သတ်မှတ် ပေးထားပါတယ်။ စုဝေးမယ့်အချိန်ကလည်း ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ ဖြစ်ပါတယ်။ နောက် ကြွေးကြော်သံများကလည်း “စပါးဈေး ပဲဈေး မြင့်တက်ရေး ဒို့အရေး”၊ “လယ်ယာ ထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဒို့အရေး” ကြွေးကြော်သံတွေနဲ့ ကျွန်တော်တို့ ခုနစ်ဦး ဟောပြောပြီးတော့ လုပ်မယ်ဆိုတဲ့အကြောင်း၊ စီတန်းလှည့်လည်မှာ မဟုတ်တဲ့အကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်တဲ့အကြောင်း၊ အသံချဲ့စက် မသုံးစွဲမယ့်အကြောင်း၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ ဝန်ခံချက်ကိုလည်း ပူးတွဲထားတဲ့အကြောင်း ဖော်ပြပြီး ကျွန်တော် ဒီနေ့ လျှောက်ထားလိုက်တယ်။ မနက် ဆယ်နာရီ ဆယ့်ငါးမှာ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး၊ ခရမ်းမြို့။ ဆယ်နာရီခွဲမှာ ကျွန်တော့်ဆီကို ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်လာတယ်။ လိုအပ်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းရမယ့်ကိစ္စ မပြဋ္ဌာန်း ရသေးလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ငြင်းလိုက်တာ ဖြစ်ပါတယ်” ခရမ်းမြို့နယ်မှာ စပါးဈေးတစ်တင်းကို လေးထောင်ကနေ သုံးထောင်ကျပ်ထိ ကျဆင်းတဲ့ ပြင် ပဲတီစိမ်းဈေး ထက်ဝက်ခန့် ကျဆင်းတဲ့အတွက် လယ်သမားတွေ တော်တော်လေး စီးပွားရေးအခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၀၈ ခု ဖွဲ့ စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူ ပုဒ်မ ၂၃ (ခ) မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေ သင့်တင့် မျှတတဲ့တန်ဖိုး ရရှိရန် ကူညီ ဆောင်ရွက်မည်လို့ ပါရှိပေမယ့် နိုင်ငံတော်က ဘာမှမကူညီတဲ့အတွက် ခုလို ဆန္ဒ ထုတ်ဖော်ပြသဖို့ စီစဉ်ရကြောင်းကိုလည်း လယ်သမားကြီး ဦးသန်းဆွေက ပြောဆိုပါတယ်။ နည်းဥပဒေ မထွက်သေးလို့ ခွင့်မပြုဘူးဆိုတာ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက် ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ပြောဆိုပါတယ်၊ ဥပမာအနေနဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီက ထုတ်ပြန်တဲ့ ငွေတိုးချစားသူများဥပဒေဟာ ဦးနေဝင်းသက်တမ်း ၂၆ နှစ်လုံးလုံး နည်းဥပဒေ မထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးသန်းဆွေက ပြောပြသွားပါတယ်။ 
copy rights_http://www.rfa.org/burmese/news/farmer-describe-reject-02082012110520.html

2012/02/08

ဗိုလ်မှူးချုပ် ထိန်မောင်အဖွဲ့ ငြိမ်းချမ်းရေး ဆက်ထိန်းမည်

By featured, သန်းထိုက်ဦး on February 7, 2012 4:53 pm

ဗိုလ်မှူးချုပ် ထိန်မောင် နှင့် နအဖ အစိုးရ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် တို့ကို ၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေး စယူစဉ်က တွေ့ရစဉ်(ဓာတ်ပုံ - thawthikho.blogspot.com)

အစိုးရနှင့် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ တို့ ယနေ့ နေပြည်တော်ရှိ အမရာ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး ဆက်ထိန်းရန် မူအရ သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

သဘောတူညီချက်များတွင် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် KNU/KNLA ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင်များ သတင်းပေးပို့၍ သွားလာခွင့် ပြုရေး၊ စီးပွားရေး လုပ်ကိုင်ရန် အတွက် နယ်မြေများ သတ်မှတ်ပေးရေး အပါအ၀င် အချက် ၇ ချက် ပါဝင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်း ဆောင် ဦးအောင်သောင်း က ဧရာဝတီသို့ ပြောသည်။
KNU/KNLA ထိန်းချုပ်ထားသော ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုး ဒေသတွင် လမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပတ်သက်သော အချက်များကိုလည်း ငြိမ်း ချမ်းရေး ကောင်စီ အဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
“နှစ်ဦး နှစ်ဘက် သဘောတူညီချက် အချိန်ကာလမှာ တွေ့ဆုံပြီးတော့မှ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့ ၀င်များ အတည်တကျနေထိုင်ရေး ကိစ္စတွေကို ဆက်လက်ဆွေးနွေးမယ်”ဟု ဦးအောင်သောင်းက ဆက်ပြောသည်။
ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေးမည့် နေ့ရက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ၁ လခန့်ကြာနိုင်ကြောင်း သိရသည်။
ယခု ဆွေးနွေးပွဲသို့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ နိုင်ငံခြားရေး တာဝန်ခံ စောတီမိုသီ(Timothy) အပါအ၀င် တခြားသော ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက် ခဲ့သည်။ ထို့နောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာလတွင် အစိုးရတပ်က ပြန်လည်တိုက်ခိုက်သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားမည့် အခြေအနေဖြစ်ပွားခဲ့သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် ၀ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA-S )၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်း အမျိုးသား တပ်ဦး (CNF) တပ်ဖွဲ့ တို့က သဘောတူ လက်မှတ်ရေးထိုး ထားကြသည်။
copy rights_http://burma.irrawaddy.org/archives/5808

ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်နိုင်မဲ့ အခြေအနေတွေကို လေ့လာဖို့ အာဆီယံ စီးပွားရေးဆိုင်ရာအသင်း အကြံပေးပုဂ္ဂိလ်တချို့  မြန်မာနိုင်ငံကို လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲစည်းထားတဲ့ အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိချင်တာတွေကို မေးသွားခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်ဖို့ စိတ်ဝင်စားသလဲ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ သူတို့ရဲ့ စိုးရိမ်မှုတွေက ဘာတွေလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊
မလေးရှားနိုင်ငံက ထုတ်ကုန်လုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ CIMB စီးပွားရေးအုပ်စုကြီးရဲ့ အကြီးအကဲ Nazar Razak ဦးဆောင်တဲ့ အာဆီယံ စီးပွားရေးအသင်းရဲ့ အကြံပေးအဖွဲ့ဟာ တနင်္လာနေ့တုန်းက မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ် UMFCCI မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲကို တက်ခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့က ဒေါက်တာဖုန်းဝင်း ပြောပြတာကတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေမျက်စိကျနေတဲ့ မြန်မာနိုင်ငံမှာ အာဆီယံ စီးပွားရေးလုပ်ငန်းတွေ နောက်ကျ မကျန်ခဲ့အောင်ဖြစ်ပါတယ်တဲ့-
“မြန်မာနိုင်ငံကို ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လာပြီးတော့ လုပ်လို့ရှိရင် ရနိုင်မလဲပေါ့- ၂၀၁၅ ခုနှစ်ကျရင် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းပေါ့လေ-လုပ်ထားတယ်။ အဲဒီမှာလည်း သူတို့က အာဆီယံဒေသအတွင်းမှာ အပြန်အလှန် ရင်းနှီးမြှုပ်နှံပြီးတော့ စီးပွားရေး ဆောင်ရွက်မှုတွေ လုပ်ဖို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်ပေါ့။ အဲဒီလို လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ သူတို့က ပိုပြီးတော့အရှိန်ရစေဖို့ရယ်၊ နောက်တခုက ဗမာပြည်ပိုမိုပွင့်လင်းလာလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ တက်လာတဲ့အချိန်မှာ သူတို့အာဆီယံဒေသက လူတွေကလည်း ကျန်ခဲ့ မနေဘဲနဲ့ တခြား နိုင်ငံတွေနဲ့တန်းတူ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဆောင်ရွက်ခွင့် ရရှိရေးအတွက် သူတို့လာတာဆိုပြီးတော့ ရှင်းပြတယ်လေ ”

2012/02/07

KNU နှင့် သိန်းစိန် အစိုးရ အပစ်အခတ်ရပ်စဲရေး နောက်တစ်ကြိမ်တွေ့ ဘို့ မန်းရောဘတ် ဘဇန် ၏သဘောထား
 
Mahn_Robert_BaZan_letter_to_KNU-3

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

2012-02-06
မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ၀န်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
(၆) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အပြောင်းအလဲတချို့ တွေ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ကို တက်လှမ်းတာဟာ နောက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို ဖျောက်ဖျက်ပစ်တာ မဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ အလေးအနက် ပြောရမှာပါ၊ လက်ရှိသမိုင်းကို ရဲရဲရင်ဆိုင်ပြီး၊ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကျူးလွန်မှုတွေကို အသိအမှတ် ပြုရပါလိမ့်မယ်၊ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေး အတွက် စိတ်ချရပြီး၊ နောင်မှာ အလားတူ ကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကနေ နောက်ပြန်ဆုတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ 
copy rights_http://www.rfa.org/burmese/news/quintana-humasn-right-02062012094038.html

2012/02/06

အကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲ​ ​ကျင်း​ပ

February 5, 2012
မျိုးဆက်သစ် ကျောင်းသားလူငယ်များ အကြောက်တရား ကင်းဝေးရေး  စာတမ်းဖတ်ပွဲနဲ့  နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးခမ်းမမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
စာတမ်းဖတ်ပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ် လူငယ်များ (Generation Wave) အဖွဲ့နဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးတို့က သက်ဆိုင်ရာ အလိုက် စာတမ်းဖတ် ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်း စကား ပြောကြားခဲ့ပါတယ်။
ဒီနေ့ စာတမ်းဖတ်ပွဲ အခမ်းအနားမှာ လက်ဆင့်ကမ်း စကား ပြောကြားခဲ့တဲ့ ကိုမင်းကိုနိုင်က သူအဓိက ထား ပြောခဲ့တာကို ခုလို ပြန်ပြောပြ ပါတယ်။
“အဓိကကတော့ လူငယ်တွေ နိုင်ငံရေး လုပ်တဲ့နေရာမှာ အကြောက်တရား ကင်းဝေးရေးပါပဲ။ အဲဒီမှာ ကျနော်ပြောခဲ့တာက ခေတ်အဆက်ဆက်က အကြောက်တရား ကင်းကင်းနဲ့ လုပ်ခဲ့တဲ့ မျိုးဆက်တွေ လက်ဆင့်ကမ်းခဲ့တယ် ဆိုတဲ့ အကြောင်းပါ။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို ရင်သွေး တယောက်လို၊ ကလေးတယောက်လို တင်စား ရမယ်ဆိုရင် အဲဒီ တိုင်းပြည် အနာဂတ်ဆိုတဲ့ ရင်သွေးရဲ့ ငိုသံ ကယ်ပါယူပါ အသံကြားရင် မိခင်စိတ်ရှိတဲ့ သူတွေ ဘယ်သူမှ မနေနိုင်ဘူး။ ကယ်ကြမှာပဲ။ ကူကြမှာပဲ။ အဲဒီအပေါ်မှာ တခုခုနဲ့ ချိန်းခြောက်လည်း ကြောက်မှာ မဟုတ်ဘူး။ တိုင်းပြည်ကို ကယ်တင်ချင်တဲ့ မိခင်စိတ် တကယ်ရှိရင် အကြောက်တရား ကင်းတယ် ဆိုတဲ့ စကားကို အဓိကထား ပြောခဲ့တာပါ။”