Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/02

 Just Do it against Military Dictatorship 
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Tuesday, 01 March 2011
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Just Do it against Military Dictatorship
မောင်မောင်ဝမ်း
မတ် ၂၊ ၂၀၁၁
          Facebookစာမျက်နှာမှာလူငယ်တဖွဲ့ကနေ တော်လှန်ရေးတပ်လှန့်သံတခုနဲ့ ပေါ်ထွက်လာတော့ အဲဒီလူငယ်တွေကို ချီးကျူးမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကို ဇက်ကြိုးပြတ်အောင်လုပ်နေတဲ့ အချိန်ကာလများမှာ တိုင်းပြည် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက် တတပ်တအားပါဝင်လာတာကို တွေ့ရလို့ပါ။
           အခုဆိုရင် သူတို့ရဲ့စည်းရုံးလှုံ့ဆော် ဆောင်ရွက်ချက်တွေဟာ တော်တော်တောင်ခရီးပေါက်နေပြီ၊ တော်တော်များများ ရင်ထဲမှာ JD (just-Do-it အတိုကောက်) ဆိုတာ သန္ဓေတည်နေပြီ။ တချို့အမြင်လေးတွေကိုလည်း တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင် သူတို့က အယုံကြည်မရှိတော့ဘူး။
ဒီနေရာမှာ ကျနော်လည်း ဒီသဘောထားဝင်နေတာ ကာလတခု ရှိသွားပြီဗျ။ မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာ သံမှိုစွဲထားသလို ရှိနေတဲ့အရာတွေပါ။ ဒါ့အတွက် ကိုယ့်ဘ၀ကို ကာလတခုမှာ ပေးဆပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခု သိပ်မယုံကြည်တော့ဘူး။ (စွန့်ပယ်ဆုံးဖြတ်တယ် လို့တော့ မဆိုလိုပါဘူး)။ အလုပ်သိပ်မဖြစ်တော့ဘူးလို့ ထင်လို့ပါ။ တကယ်လည်း အခုထိ အလုပ်မဖြစ်ပါဘူး။ အားမလိုအားမရစိတ်နဲ့ ပြောတာပါလို့ စွပ်စွဲမယ်ဆိုလည်း ခံဖို့ အသင့်ပါပဲ။
တိုင်းပြည်လူထုက တဖြည်းဖြည်းနဲ့ ဆင်းရဲတွင်းနက်လာလိုက်တာ ၁၉၈၈ မတိုင်မီကထက်တောင် ပိုဆိုးလာတယ်။ စစ်အာဏာရှင်များဖက်က သိသာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလည်းမှု မပြောနဲ့ နောက်ဆုံးထွက်သက်တွေအထိ အာဏာကို ဆုပ်ကိုင်သွားကြဖို့ကိုတောင် အတည်ပြု ဆုံးဖြတ်ပြီးနေကြပြီ။ ဒီတော့ ကျနော်တို့မှာ ရွေးချယ်စရာလမ်းက သိပ်များ များစားစား မကျန်တော့ဘူး။
တခုတည်းသောနည်းလမ်းပဲ ကျန်တော့တယ်။ ဒါကတော့ လူထုတိုက်ပွဲ … … ။ နိုင်ငံတကာက  လွတ်မြောက်လာတဲ့ တိုင်းပြည်တော်တော်များများကို လေ့လာကြည့်တဲ့အခါ အာဏာရှင်ကို လူထုတိုက်ပွဲနဲ့ အောင်ပွဲဆင်လာတာပဲ များတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာကစလို့ ဒီကနေ့လွတ်မြောက်ရေး တိုက်ပွဲဆင်နွဲနေတဲ့ နိုင်ငံတွေအဆုံး … လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။
          ဒါကို လူငယ်တွေက ရိပ်မိတယ်၊ သူတို့အမြင်က ပြတ်သားတယ်၊ တခုတည်းသောနည်းလမ်းကို သဘောပေါက်တယ်။ တချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မချင့်မရဲ အားမလိုအားမရ ဖြစ်ကြတယ်။
ဒီနေရာမှာ ကျနော်နည်းနည်းလောက် ပြောပရစေ။ ဥပမာလေးနဲ့ပေါ့ … … ဒေသတခုမှာ သိပ်ဆိုးသွမ်းနေတဲ့ လူတယောက်ရှိတယ်။  အရပ်မခံနိုင်လောက်အောင်ကို ဆိုးတာ၊ လူထုကို ဒုက္ခပေးတာများလာတော့ နောက်ဆုံးသည်းမခံနိုင်တော့ဘူး။ ဒေသမှာရှိတဲ့ ကိုးကွယ်ရာ ဆရာတော်ကို တင်လျှောက်ကြတယ်။ ဆရာတော်ကတော့ ဘုရားဒေသနာတော်တွေ၊ ဇာတ်တော်တွေကို ကိုးကားပြီး တရားချတယ်။ အဆုံးသတ်ကတော့ သူ့တရား သူစီရင်သွားပါလိမ့်မယ် ပေါ့။ ဒါပေမဲ့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ ရပ်ကွက်ကလူငယ်တွေက ဆုံးဖြတ်ပြီ။ ဒီကောင်ကို ဒီအတိုင်းကတော့ မရဘူး၊ ဆရာတော်ပြောသလို သူ့တရားသူ စီရင်သွားပါလိမ့်မယ် ဆိုတာ … သူအရင် အစီရင် မခံရခင် တို့က အရင်အစီရင်ခံနေရတယ်။ ဒီတော့ အပြတ်ရှင်းပစ်တာပဲ ကောင်းတယ် ဆိုရင် … ဆိုပါစို့။ ဒါကို ဘုန်းတော်ကြီးဆီ တင်လျှောက်ကြမယ်။ ဘုန်းတော်ကြီးက ဒကာတို့ဆုံးဖြတ်တာ ကောင်းတယ်၊ ဒီအတိုင်းဖြစ်သင့်တယ်လို့ ဘယ်ပြောပါ့မလဲ၊ ဘုန်းကြီးဆိုတာ ဘုန်းကြီးဝိနည်းကို စောင့်ထိန်းရသေးတယ်လေ။ အဲဒီလိုသွား ပြောလိုက်ရင် အာပတ်သင့် သွားမှာပေါ့။ တကယ်က ဒီလိုလုပ်ရပ်မျိုး လုပ်မယ်ဆိုရင်တောင် ဘုန်းကြီးကို မလျှောက်သင့်တဲ့ စကားပါ။ ကိုယ်လုပ်သင့်တယ်ထင်တာကို ကိုယ်တိုင် လုပ်သွားတာ အကောင်းဆုံးပါ။
ဒီလိုပဲပြောပရစေတော့ဗျာ။
နောက်တခါ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်များကို ကျနော့်အတွေ့အကြုံလေးတွေ တင်ပြပေးချင်ပါ တယ်။ ကျနော်တို့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ဖို့  ကြိုးစားဆောင်ရွက်နေတဲ့ ကာလများဆီမှာ အမြဲကြားရတဲ့ စကားရှိပါတယ်။ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်လို့ ဘာဖြစ်မှာလဲ။ တို့နံရံကို ကြက်ဥနဲ့ပေါက်သလို ဖြစ်မှာပေါ့ ဆိုတဲ့ စကားတွေပါ။ တော်တော်ခံရခက်တဲ့ စကားတွေဆို မမှားပါဘူး။ မင်းတို့လုပ်လို့ ဘာဖြစ်လာမှာလဲ၊ မင်းတို့မှာ လက်နက်ဆို အပ်တိုတချောင်းတောင် ရှိတာ မဟုတ်ဘူး။ ဟိုမှာက တတိုင်းပြည်လုံး လက်နက်နဲ့ အုပ်ချုပ်ထားတာတို့ … ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလပါတီ ဥက္ကဌကြီး အာဏာရှင် ဦးနေ၀င်းက ရုပ်မြင်သံကြားကနေ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင် ပစ်တယ် စသဖြင့်ပေါ့၊ ကျနော့်တို့ရင်ထဲ ဘယ်လိုဖြစ်ခဲ့မိသလဲ ဆိုတော့ နည်းနည်း အားငယ်မိတယ်။ ကြောက်မိတယ်။ ဒါအမှန်ပါ။ ငါတို့ ဖြစ်ကောဖြစ်ပါ့မလား ဆိုတဲ့ သံသယတွေ ၀င်မိတာလည်း အခါခါ။ နောက်ဆုံး ဇာတ်သိမ်းခန်းမှာတော့ မဆလပါတီကြီး ဗုန်းဗုန်းလဲ ပြိုကျသွားပြီး သမ္မတ သုံးဆက်ပြုတ်ကျသွားခဲ့တာ အားလုံးသိပြီးသားပါ။ အခုလည်း လူငယ်မျိုးဆက်သစ်တွေက လူထုတော်လှန်ရေးကြီး ဖော်ဆောင်မယ်ကြံတော့ ဒီလိုစကားလုံးတွေ မဟုတ်ပေမယ့် ဒီလိုအနှစ်သာရမျိုးကိုဆောင်တဲ့ စကားသံတွေ အရေးသားတွေ၊ အပြောအဆိုတွေ၊ ခနဲ့တဲ့တဲ့အသံတွေ ကြားရဦးမှာပါပဲ။
တခါတုန်းကလူငယ်တဦးနဲ့ အွန်လိုင်းပေါ်မှာ အဲဒီ့အကြောင်းအရာ ပြောဖြစ်ကြတော့ ကျနော်က ရယ်စရာနဲ့ ရောပြောလိုက်တယ်။ ချဲသမားစကားနဲ့ ပြောရရင်…အဲသလိုအသံတွေကြားရပြီဆို ဂွင်ကျ ဂွင်န မှန်နေပြီ လို့သာ အောက်မေ့ပေတော့။ ဒီဂွင်အတိုင်း ဆင်းလာတာပဲ။ မင်းတို့ဖော်ဆောင်နေတဲ့ လူထုတော်လှန်ရေး မလွဲမသွေကို အောင်မြင်မှာကွ လို့ ပြောပြီး သဘောကျမိပါသေးတယ်။
ကျနော် ၈၈ လူထုတော်လှန်ရေးကာလ လူထုတရားပွဲတခုမှာ ပြောခဲ့ဘူးတဲ့စကားကို အမှတ်ရမိနေပါသေးတယ်။
“ကျနော်တို့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ပါတယ်။ ဒါပေမယ့် မြင့်မိုရ်တောင်ကြီး ပြိုကျသွားပါ တယ်။ ဘာလို့လဲ ဆိုတော့ ဇီးစေ့ထဲမှာ နည်းနည်းလေးနဲ့ အင်အားပြင်းထန်တဲ့ နယူးကလီးယား ပါ သွားလို့ပါ။ နောက်တခါ နံရံကို ကြက်ဥနဲ့ ပေါက်ပါတယ်။ အခါခါ ပေါက်ပါတယ်။ နံရံကတော့မပြိုပါဘူး။ ကြက်ဥတွေကတော့ တလုံးပြီး တလုံး ကွဲပါတယ်။ ဒါပေမယ့် ပေါက်ပါများလို့လား မသိဘူး၊ ကာလကြာတော့ အဲဒီ့ကြက်ဥအရည်တွေက ပုပ်ကုန်ပါတယ်။ ပတ်ဝန်းကျင်လူထု မခံနိုင်တော့ပါဘူး။ နောက်ဆုံး အပုပ်နံ့တွေလှိုင်နေတဲ့ အဲဒီနံရံကြီးကို လူထုက လာဖြို လှဲချလိုက်ပါတယ် ”
          ကျနော်တို့နိုင်ငံမှာက ခေတ်အဆက်ဆက် အာဏာရှင်များက နိုင်ငံရေးဆိုတာကို ပုံဖျက်သွားကြလေတော့၊ နိုင်ငံရေးလို့ အသံကြားလိုက်တာနဲ့ အားလုံးက တွန့်ဆုတ်သွားတော့တာပဲ။ တကယ်တော့ နိုင်ငံရေးဆိုတာ တနိုင်ငံသားလုံးရဲ့အရေးပါ။ အားလုံးနဲ့သက်ဆိုင်ပါတယ်။ နိုင်ငံလွတ်မြောက်ရေးအတွက် အားလုံးမှာ ဘက်ပေါင်းစုံက တာဝန်ရှိပါတယ်။ အနိမ့်ဆုံးစိတ်ဓါတ်လေးနဲ့ပဲဖြစ်ဖြစ် ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ။ တချို့ကလည်း အထိနာမှာကြောက်လို့ စိုးရိမ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့ကို လည်း အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် တခုတော့ ရှိပါတယ်။ ရောဂါပျောက်ကင်းဖို့ ကုသရာမှာ တင်ပါးကို ဆေးထိုးအပ်စိုက်လို့ နာကျင်ခြင်းမျိုးတော့ ပေးဆပ်ရပါလိမ့်မယ်။ တခုခုကို လိုချင်ရင် တခုခုတော့ ပေးဆပ်ရပါလိမ့်မယ်။
 Freedom is not free  ( လွတ်မြောက်မှုဆိုတာ အလကားမရပါဘူး )
          တချို့က စိုးရိမ်ချက်လေးတွေ ရှိပါတယ်။ လူနည်းနည်းလေးပဲ ရှိသေးတယ်။ ဖြစ်ပါ့မလား တဲ့။ ခုဆိုရင် JD အဖွဲ့က စည်းရုံးထားတာ တော်တော်များများ ရှိနေပါပြီ။ တကယ်တော့ လိုအပ်တာ ခေါင်းဆောင်မှု ပေးနိုင်သော အရည်အသွေးရှိပြီး ယုံကြည်ချက်၊ ခံယူချက်ပြင်းထန်တဲ့ သူ အနည်းငယ်ပဲ လိုတာပါ။ အများကြီး မလိုပါဘူး။
တူနီးရှားမှာ လူငယ်အယောက် လေးဆယ်နဲ့ပဲ ဦးဆောင် သွားတာပါ၊ အဲဒီလေးဆယ်နဲ့ပဲ စတင်ခဲ့တာပါ။
မြန်မာလူထုက မခံရပ်နိုင်ဖြစ်နေတာ ကြာပါပြီ။ ဥပမာ ပြောရရင် ယမ်းပုံကြီး တပုံလိုပါပဲ။ မီးပွားစလေး တချက်ကျဖို့ပဲ လိုနေတာပါ၊
          တိုင်းပြည်ဟာ တစတစ ဆင်းရဲတွင်း နက်နေပါပြီ။ ရွေးချယ်စရာလမ်းလည်း မကျန်တော့ပါဘူး။ တခုတည်းသော လမ်းပဲ ရှိပါတော့တယ်။ (နိုင်ငံရေးသီအိုရီတွေ ဒဿနတွေနဲ့ ကာ ပြောပြောနေရုံနဲ့ အလုပ်မဖြစ်နိုင်တော့ပါဘူး)။ စစ်အာဏာရှင်တွေလုပ်နေသမျှ ဘာတခုမျှ ယုံကြည်စရာအကြောင်း မရှိတော့ပါဘူး။ တိုင်းပြည်လွတ်မြောက်ဖို့ အကောင်းဆုံးနည်း လမ်းကတော့ ယခု လူငယ်တွေဦးဆောင်နေတဲ့ Just Do it ကို ၀န်းရံလိုက်ပါ။ သင်ကိုယ်တိုင် JD အဖြစ် ခံယူပါ။ အဆုံးသတ် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွဲပါ။ အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် မြေမြုတ်ပစ်လိုက်ပါ။
အာဏာရှင်ကိုဆန့်ကျင်ဖို့ ..အခုပဲ စကြစို့။
သတင်းရင်းမြစ် - မိုးမခ

0 件のコメント:

コメントを投稿