Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/15

တိုင်းရင်းသားဒေသ အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ရန် အမေရိကန်က မြန်မာကို တိုက်တွန်း

 
AFP
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လိုပါက တိုင်းရင်းသား ဒေသများ အတွင်း အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း ဖော်ထုတ်ရန် အရင်ဆုံး လိုအပ်ကြောင်း အမေရိကန်နိုင်ငံက မြန်မာ အစိုးရကို ပြောကြားလိုက်သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် တာဝန်ခံမှု ရှိရမည် ဖြစ်သည့်အတွက် ပထမဆုံး အဆင့် အနေဖြင့် ယင်းချိုးဖောက်မှုများ ကို စုံစမ်း ဖော်ထုတ်ရန် အတွက် “တရားဝင် ယုံကြည် ကိုးစားလောက်သည့် စုံစမ်း စစ်ဆေးရေး ယန္တရားတရပ် ထူထောင်ရန် အရေးကြီးကြောင်း မြန်မာ အစိုးရကို အလေးထား ပြောကြားခဲ့သည်” ဟု အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်ခ်ဂျေ မစ်ချဲလ်က ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီး ထုတ်ပြန်သည့်  ကြေငြာချက်တွင် ဖော်ပြထားသည်။

တဖက်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီ အရင်ခံစာ တင်သွင်းသူ သောမတ်စ် အိုဟေး ကင်တားနားက တိုင်းရင်းသား လူမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ် ရာဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် Commission of Inquiry  (CoI) ဖွဲ့ရေး တောင်းဆို ထားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားချိန်တွင် အမေရိကန်နိုင်ငံက မြန်မာအစိုးရ အနေဖြင့် စုံစမ်း ဖော်ထုတ်ရေးတွင် မိမိသဘောဖြင့် လုပ်ဆောင်ရန် တိုက်တွန်း လိုက်ခြင်းလည်း ဖြစ်သည်။

မစ္စတာ မစ်ချဲလ်က မြန်မာပြည်သူများ၊ ဗမာနှင့် တိုင်းရင်းသား လူမျိုးနွယ်စုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ လေးလေးနက်နက် အရေးပါဆဲ ဖြစ်ကြောင်း၊ အများ လက္ခံနိုင်မည့် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမည် ဆိုသည့် အချက်ကို ၎င်း အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် တလျှောက်လုံး သတိပြုမိ ခဲ့သည်ဟု လည်း ဆိုသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝခန့်ကို ထိန်းသိမ်း ထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ပဋ္ဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်း၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဆိုးဆိုးရွားရွား လူအခွင့်အရေး ချိုးဖောက်မူများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း အတွက် စိုးရိမ်ပူပန်ကြောင်း မစ္စတာ မစ်ချဲလ်က ပြောသည်။

ထို့အပြင် မြောက်ကိုရီးယား နိုင်ငံနှင့် မြန်မာအစိုးရ၏ စစ်ရေး ဆက်သွယ်မူနှင့် ဆက်လျဉ်းပြီး ပွင့်လင်း မြင်သာမူ မရှိသည့် အနေအထား အပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ထည့်သွင်း ပြောထားသည်။


''လက်နက် မပြန့်ပွားရေး နဲ့ပတ်သက်ပြီး ကုလသသမဂ္ဂ လုံခြုံရေး ကောင်စီက ပြဌာန်းထားတဲ့ သဘောတူညီချက် အားလုံးကို လိုက်နာဖို့ ကျွန်တော်က အစိုးရကို တိုက်တွန်းခဲ့ပါတယ်" ဟု မစ္စတာ မစ်ချဲလ်က မြန်မာနိုင်ငံမှ မထွက်ခွာမီ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခြင်း၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်း၊ မီဒီယာ ဆင်ဆာ တည်းဖြတ်မူကို အထိုက်အလျောက် လျှော့ပေးခြင်း စသည့် အစိုးရသစ်မှ အဆိုပါ ပြောင်းလဲမူများကို အမေရိကန်က အသိအမှတ်ပြု ကြိုဆိုသည် ဟုလည်း ပြောထားသည်။

သို့သော် အစိုးရ၏ လတ်တလော ပြုပြင်ပြောင်းလဲမူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ " နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းမှာ ယုံကြည်မူ မရှိသေးတ အကြောင်းကို ကျွန်တော် မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်၊ ဒီ မယုံကြည်မူဟာ မှားယွင်း ကြောင်း သက်သေပြဖို့ ကျွန်တော်က အာဏာပိုင်များကို တိုက်တွန်းခဲ့ပါတယ်'' ဟု မစ္စတာ မစ်ချဲလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်း၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံများ အဓိပ္ပာယ်ရှိရှိ ထိတွေ့ဆက်ဆံခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား လူနည်းစုများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ပြသရန် အစိုးရကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

မစ္စတာ မစ်ချဲလ်သည် နေပြည်တော်တွင်  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စု လွှတ်တော် နယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ နယ်စပ်ရေးရာ ဝန်ကြီးနှင့် မြန်မာ့ စက်မူဖွံ့ဖြိုးရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေး၊ ပြန်ကြားရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည် တို့နှင့်လည်း ယခုလ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံ လွှတ်တာ် ကိုယ်စားလှယ်များ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ၎င်း၏ ကြေငြာချက်တွင် ပါရှိသည်။

ယခုလ ၁၁ ရက်နေ့က လူမူကူညီရေး အသင်းများဖြစ်သည့် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးသော နာရေး ကူညီမူအသင်း၊ သုခကုသိုလ် ဆေးခန်းနှင့် တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်း ဦးစီးသော HIV/AIDS ဝေဒနာ သည် ကူညီ စောင့်ရှောက်ရေး ဂေဟာများသို့ မစ္စတာ မစ်ချဲလ် သွားရောက်လေ့လာခဲ့သည်။

"ပထမဆုံး ခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်က မိတ်ဆက်ဖို့၊ ဒီနိုင်ငံကအမြင်တွေကို နားထောင်ဖို့နဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ကိုင်တွင်ဆောင်ရွက်ရေးအတွက် ဆက်ဆံရေး တည်ဆောက်ယူဖို့ ဖြစ်ပါတယ်" ဟု မစ္စတာ မစ်ချဲလ်က ပြောထားသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)

0 件のコメント:

コメントを投稿