Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/30

ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို


ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ဖလူးကြီး၊ ဖလူးလေး ကျေးရွာနဲ့ ၀ါးလေဒေသဘက်က စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က မကြာသေးခင်က ပြန်လည် ပို့ဆောင်ခဲ့ပေမဲ့ မြန်မာစစ်တပ်တွေက သူတို့ရွာတွေမှာ ကတုတ်ကျင်းတူးပြီး အခြေချ တပ်စွဲထားကာ သူတို့ရဲ့ စားနပ်ရိက္ခာတွေကို စစ်ပွဲအတွင်း ရိက္ခာအဖြစ် ယူဆောင်နေတာကြောင့် ရွာသားတွေက စစ်တပ်နဲ့ ဝေးရာကို ရှောင်ရှားနေရကြောင်း DKBA တပ်မှူးတဦးက အခုလို ပြောပြပါတယ်။
“၀ါးလေဘက်မှာ နေနေတယ်။ ၀ါးလေဘက် သူတို့နေတဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်လေ။ သူတို့ နေတဲ့နေရာမှာ ပစ်ကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးတယ်။ ရွာထဲမှာ သူတို့ရောက်တဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်။ တောမှာရောက်ရင် တောထဲမှာ၊ ရွာရောက်ရင် ရွာထဲမှာ ကတုတ်ကျင်း၊ ပစ်ကျင်း တူးတယ်။ ရွာသားတွေကလည်း သူတို့ရှိတယ်ဆိုရင် လာပြီး အတွေ့မခံဘူး။ ဥပမာ ဖလူးလေးဆိုရင် ရွာလုံးကျွတ် မရှိဘူး။ ဖလူးကြီးဆိုရင် အနည်းအကျဉ်းပဲ ရှိမယ်။ ရွာသားတွေက လက်ရှိ သူတို့ လာမယ်ဆိုရင် အမြင်မခံ၊ အတွေ့မခံတဲ့ အနေအထားမှာ ရှိတယ်။”
ဝါးလေဒေသဘက်မှာ အခြေစိုက်ထားတဲ့ တပ်တွေအနေနဲ့ ၂ လကျော်ကြာ တိုက်ပွဲတွေဖြစ်ပြီး ရိက္ခာလမ်းကြောင်းတွေကို DKBA တပ်တွေက ဖြတ်ပြီး တိုက်ခိုက်နေတာကြောင့် ကျေးရွာသားတွေ ထံကနေ ရိက္ခာတွေကို မြန်မာစစ်တပ်က ယူဆောင် စားသောက်နေကြောင်းလည်း ပြောပြပါတယ်။
“ရှိတဲ့တပ်က သူတို့ အရပ်သားထဲမှာ တောင်းစားတယ်လို့ ပြောတယ်။ ရွာက စားနပ်ရိက္ခာတွေ ယူပြီး စားနေတယ်ပေါ့။ သူတို့ ၀င်တဲ့ ရွာတွေ၊ သူများအိမ်မှာရှိတဲ့ ဆန်တွေ၊ အဲဒါတွေနဲ့ သူတို့ စားနေတယ်။”
ဒီရွာတွေဟာ အရင်က DKBA ထိန်းချုပ်ရာ ကျေးရွာတွေ ဖြစ်နေတာကြောင့် ရွာသားတွေကိုလည်း ပေါ်တာဆွဲတာ၊ သတ်ဖြတ် ညှဉ်းဆဲတာတွေကို ပြီးခဲ့တဲ့ အပတ်တွေတုန်းက မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာကြောင့် ရွာသားတွေ အနေနဲ့ နေရပ်ရင်းကို မပြန်လိုကြပါဘူး။ အခုအခါမှာတော့ ဖလူးဒေသဘက်မှာ မြန်မာစစ်တပ်က အင်အားတွေ ထပ်ပြီး တိုးချဲ့ ချထားလာကြောင်းကိုလည်း DKBA ဘက်က ပြောပါတယ်။
“အခြေအနေက တပ်အင်အား၊ တပ်မ ၄၄ လက်အောက်ခံတပ် မနေ့က ရောက်လာတယ်။ ၀ါးလေမှာ သွားမယ်ဆိုတော့ သူတို့က ဒီလမ်းကြောင်းကို ဆင်းရမယ်။ ဒီလမ်းကြောင်းကို ဆင်းလို့ရမှ ဖလူးက ပိုတဲ့ရိက္ခာ ပို့ပေးရမယ်လေ။”
အခုအခါမှာတော့ မြန်မာစစ်တပ်နဲ့ DKBA ကြားမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း ဘာမှ မရှိတော့သလို DKBA ဘက်ကလည်း ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်က နံပါတ်တစ်၊ ကျနော်တို့ တိုင်းရင်းသား အားလုံးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အထိ မျှော်မှန်းတယ်၊ ကျနော်တို့နဲ့တကွ လက်ရှိ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ကျနော်တို့က ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့် ရတဲ့အထိ အဲဒီလောက်ထိ ရည်မှန်းတယ်။ ပြီးတော့ အဖိနှိပ်ခံ လူတန်းစားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အဲဒီလောက်အထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေထွက်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်ရမယ်၊ မြို့ပေါ်မှာလည်း ၀င်ရောက် ထိုးဖောက်နိုင်ရင်လည်း ၀င်ရောက် ထိုးဖောက်နိုင်သလောက် လှုပ်ရှားရမှာပဲ။
“တကယ်လို့ ဒီစစ်ကြီးက မကောင်းဘူး၊ စစ်အနိဋ္ဌာရုံအောက်မှာ လူသားတွေ ဒုက္ခရောက်တယ်၊ အဲဒီအမြင်မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ် ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး အဖိနှိပ်ခံ ပြည်သူလူထုတွေနဲ့ ဆွေးနွေးပြီး ပြန်ပြီးတော့ ငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ အဲဒါ နည်းနည်းလေး နီးစပ်ရင် နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ပေးမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီး တစု၊ တစုပြီး နှစ်စုဆိုပြီး သူတို့က မှည့်ချွေသွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ်၊ တွေးတတ်လာပြီလေ။”
မနေ့ကတော့ မြန်မာစစ်အစိုးရပိုင် သတင်းစာမှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချကြောင်း ကြေညာ ပြောဆိုခဲ့ပေမဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကတော့ သူတို့အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ငြိမ်းချမ်းရေးကောင်စီဟာ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ရေးကို ငြင်းဆိုထားတဲ့ အပစ်ရပ်အဖွဲ့တခု ဖြစ်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ မြန်မာစစ်အစိုးရ တပ်တွေက သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်အစိုးရ တပ်တွေက ကရင်လက်နက်ကိုင် ဘယ်အဖွဲ့ကိုမဆို ယုံကြည်မှုတွေ မရှိတော့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလည်း ဘာမှ မရှိတော့ဘူးဆိုပြီး ကရင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက ပြောလာကြပါတယ်။ ဒီအခြေအနေတွေကြောင့် ကရင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး ဒုက္ခသည်တွေ အတွက်ကတော့ နေရပ်ရင်းကို ပြန်တဲ့အခါမှာ လုံခြုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

copy rights_VOA

0 件のコメント:

コメントを投稿