ကချင်ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီလိုအပ်
စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဒီဗွီဘီ)
July 21, 2011,
ကချင်ပြည်နယ်ထဲက စစ်ပွဲတွေမှာ ကချင်အမျိုးသမီးတွေကို
မုဒိမ်းကျင့်ဖို့ စစ်သားတွေက အထက်က အမိန့်ရထားတဲ့အတိုင်း၊
မုဒိမ်းမှုပေါင်း ၃၂ မှုရှိနေပြီလို့ ထိုင်းနိုင်ငံ အခြေစိုက်
ကချင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။
ဇွန်လဆန်းက စတင်ခဲ့တဲ့ တိုက်ပွဲဟာ တလကျော် ကြာလာတဲ့တိုင်
ဒုက္ခသည်တွေအတွက် ဆေးဝါး၊ ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့
ကချင်အမျိုးသမီးအဖွဲ့ရဲ့ ပြောခွင့်ရ ရှယ်လီဆိုင်းက ပြောပါတယ်။
“စစ်ကြောင်းနဲ့ နည်းနည်းဝေးတဲ့ စစ်ဖြစ်တဲ့နေရာတွေမှာ
စုပြီးနေကြတယ်။ ကူညီတဲ့ လူတွေကတော့ အဲဒီမှာရှိတဲ့
လူထုအဖွဲ့လူငယ်တွေ၊ အမျိုးသမီးတွေပေါ့။ အခုလိုင်ဇာ
ဘက်မှာဆိုရင်လည်း လာဟင်ဆိုတဲ့ အဖွဲ့ရှိတယ်။ မိုင်တိုင်ယန်း
ဘက်မှာဆိုရင် WPM ဆိုတဲ့ ဖွဲ့ထားတဲ့ လူထုနဲ့ အမျိုးသမီး လူငယ်တွေ
အဲဒီက သာသနာဆရာတွေ အားလုံးဝိုင်းဝန်းပြီးတော့ အကျိုးဆောင်နေတယ်။
ရိက္ခာတော့ ဆန်၊ ဆီ၊ ဆားပေါ့။”
ဇွန်လ ၉ ရက်နေ့ကနေ စခဲ့တဲ့ ကချင်ပြည်နယ်နဲ့
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ
နယ်စပ်မှာခိုလှုံနေတဲ့ ကချင်ဒုက္ခသည် တသောင်းခြောက်ထောင်ရှိပြီး
ဆက်လည်း တိုးလာနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ကဆိုပါတယ်။ မိုးရာသီ
လယ်ယာစိုက်ပျိုးချိန်မှာ လုပ်ငန်းတွေကို စွန့်ပြီး
ထွက်ပြေးနေရတဲ့အတွက် ရှေ့ဆက် ပိုပြီး ဒုက္ခရောက်နိုင်တယ်လို့
ကချင်အမျိုးသမီးအဖွဲ့ကဆိုပါတယ်။
“ဗမာပြည်အစိုးရကို ဖိအားပေးဖို့၊ အားလုံး
တပြည်လုံးငြိမ်းချမ်းစွာ စကားပြောနိုင်ဖို့ လိုလားတယ်။ နောက်
ဒီလိုမျိုး စစ်ကြီးပဲ ဆက်ဖြစ်နေမယ်ဆိုရင် ပြည်သူလူထုတွေ ဒုက္ခရောက်တယ်။
မိုးတွင်းလည်း ဖြစ်တယ်ဆိုတော့ တော်တော်ဒုက္ခရောက်ကြပါတယ်။
ဆန်စပါးစိုက်တဲ့ အချိန်လည်းဖြစ်တယ်။ အခုထွက်ပြေးနေရတော့ နောက်ဆို
ကျမတို့မှာ အခက်အခဲ ပြည်သူလူထုအတွက် ပိုပြီးဒုက္ခရောက်မယ်။”
မနေ့ကအထိလည်း ကချင်ပြည်လွတ်လပ်ရေးတပ်မတော်( ကေအိုင်အေ) နဲ့ မြန်မာ
စစ်တပ်အကြား ဖြစ်ပွားနေတဲ့ အစိုးရတပ်ချီတက်ရာလမ်းတလျှောက်က
ကျေးရွာတွေမှာ အစိုးရတပ်က အရပ်သားတွေကို ပေါ်တာဆွဲနေပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 件のコメント:
コメントを投稿