Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/08

ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ
မြတ်နိုး

ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အပြုသဘောဆိုရင် ပြည်တွင်း စစ်ဟာ မုချဖယ်ရှားပစ်ရမယ့် အဖျက်သဘောဖြစ်တယ်။ အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့ရ သလဲ။ ဘာကြောင့် ရာစုနှစ်တ၀က်ကျော် ရှည်ကြာနေရသလဲ။ အပြုသဘောငြိမ်းချမ်းရေးကို အုပ်စိုးသူအ ဆက်ဆက်က ဘာကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဘယ်သူတွေကသာ အမှန်တကယ် တည်ဆောက်နိုင် မလဲ။ ဘယ်လိုနည်းနဲ့ တည်ဆောက်နိုင်မလဲ။ တိုင်းပြည်အကျိုးအတွက် ဒီမေးခွန်းတွေကို တတ်စွမ်းသမျှ ကြိုး စားဖြေကြည့်ချင်တယ်။

ပြည်တွင်းစစ်ရဲ့အတွင်းသဘောထဲမှာ ဒီမိုကရေစီရေးပြဿနာ၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာဆိုတဲ့ အရင်းခံပြဿနာကြီး (၂) ရပ် ကိန်းအောင်းနေတာ တွေ့ရတယ်။ အဲဒီ မူဆိုင်ရာ အရင်းခံ ပြဿနာကြီး (၂) ရပ်ဟာ ပင်မ အကြောင်းတရား ဖြစ်ပြီး ပြည်တွင်းစစ်ဟာ နောက်ဆက်တွဲ အကျိုးတ ရားဖြစ်တယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး နဲ့အတူ အာဏာရလာတဲ့ ဖဆပလ ပါလီမန်ဒီမိုကရေစီအစိုးရဟာ (ဒီမိုကရေစီအ စိုးရ ဖြစ်တဲ့တိုင်) ပြည်သူတွေ့ရဲ အခြေခံ ဒီမိုကရေစီရပိုင်ခွင့်၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ရှိရေး ... ဆိုတဲ့ အခြေခံမူ (၂) ရပ်ကို အပြည့်အ၀ အာမခံဖို့ ပျက်ကွက်ခဲ့တယ်။ အဲဒီ အခြေခံမူဆိုင်ရာ ပြဿနာကြီး (၂) ရပ်ကို ဥပဒေတွင်းမှာ ငြိမ်းချမ်းစွာ ဖြေရှင်းခွင့် မရတဲ့အခါ ဥပဒေနည်းအရ လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းရေးဆီသို့ ကူးပြောင်း သွားရတာဖြစ်တယ်။ ဒါဟာ အဖျက်သဘော ပြည်တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့ရသလဲ ဆိုတဲ့ မေးခွန်းရဲ့ လိုရင်းအဖြေပဲ။

ပြည်တွင်းစစ် ဘာကြောင့် ရှည်ကြာနေရသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာ ကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဖဆပလအစိုးရဟာ ပြည်တွင်းစစ် ဖြစ်လာပြီးနောက် ပြည်တွင်းစစ် ရပ်စဲ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို ကျင့်သုံးရမယ့်အ စား အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ တလျှောက်လုံး ကိုင်စွဲခဲ့တယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။
ဖဆ ပလအတွင်းနဲ့ တပ်မတော်အတွင်းက လက်ျာအစွန်းရောက် ဂိုဏ်းသားတွေက ကွန်မြူနစ်ပါတီကို ဥပဒေတွင်း မှာ တည်ရှိခွင့် မပေးလိုတာ၊ လူမျိုးတိုင်း တန်းတူသွေးစည်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု မတည် ဆောက်ချင်တာတို့ကြောင့်ဖြစ်တယ်။

လက်တွေ့မှာ ပြည်တွင်းစစ်ကို အပြုတ်မတိုက်နိုင်ဘဲ ရေရှည်လာတဲ့အခါ စစ်တပ်ရဲ့အခန်းဝင်မှု၊ စစ်တပ်ကို အ မိန့်ပေးနိုင်တဲ့ စစ်ခေါင်းဆောင်တွေရဲ့အခန်းဝင်မှုဟာ တနေ့တခြား ကြီးမားလာတယ်။ နိုင်ငံရေးရဲ့အခန်းဝင်မှု၊ နိုင်ငံရေးခေါင်းဆောင်များရဲ့အရေးပါမှုဟာ တနေ့တခြား မှေးမှိန်လာတယ်။ နိုင်ငံရေးအရ ရှေ့ဆောင်မှုကို စစ် တပ်က လိုက်နာရမယ့်အစား စစ်တပ်ရဲ့အကျပ်ကိုင်မှုကို နိုင်ငံရေးအာဏာရ အစိုးရက ငုံ့ခံရတဲ့ အခြေအနေ ဖြစ်လာတယ်။

စစ်တပ်အတွင်းမှာ စစ်အုပ်စု ဖြစ်တည်လာပြီး အရပ်သားအစိုးရထံက အာဏာကို လုယူတဲ့အထိ ဖြစ်လာခဲ့ တယ်။ (ပထစအစိုးရထံမှ ဗိုလ်နေ၀င်းစစ်အစိုးရက အာဏာသိမ်းခြင်း)။ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန် ကြီးဌာနအောက်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ တပ်မတော်ဟာလည်း စစ်အုပ်စုရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရတယ်။ နိုင်ငံတော်နဲ့ ပြည်သူများအပေါ် သစ္စာစောင့်သိဖို့ တာဝန်ရှိတဲ့ တပ်မတော် ဟာ စစ်အုပ်စု လက်တဆုပ်စာရဲ့ ဘက်စုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရတဲ့ စစ်အုပ်စုပိုင် တပ်ဘ၀ သို့ ကျရောက်ခဲ့ရတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ဟာ စစ်အုပ်စုနံပါတ် (၁) ရဲ့ ဥပဒေကဲ့သို့ အာဏာတည်တယ်ဆိုတဲ့ နှုတ်မိန့်တွေနဲ့ အစားထိုးခံလိုက်ရတယ်။

အာဏာလုတက်လာတဲ့ စစ်အစိုးဟာ ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူကိုသာ ဆက်လက်ကျင့်သုံးလာတယ်။ တဆင့်တိုးနက်ရှိုင်းလာတဲ့ ပြည်တွင်းစစ်က “စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ” ဆိုတာတွေကို တည် တံ့ခိုင်မြဲအောင် အကြောင်းအချက်တွေ ဖန်တီးပေးတယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ အပြန်အ လှန်အကျိုးပြုနေတဲ့ ခွဲလို့မရတဲ့ အနိဋ္ဌာရုံရဲ့ ဘက်နှစ်ဘက်ဖြစ်တယ်။ တခုမရှိရင် အခြားတခု မရှိနိုင်ဘူး။ ပြည် တွင်းစစ် ရှိနေသမျှ စစ်အာဏာရှင်စနစ် သဏ္ဍန်မျိုးစုံနဲ့ တည်ရှိနေမှာဖြစ်သလို စစ်အာဏာရှင်စနစ် တည်မြဲနေ သမျှ ကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးလည်း ရနိုင်မှာမဟုတ်ဘူး။

ဒီအချက်ကနေ သိနိုင်တာက စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ပြဒါးတလမ်း သံတလမ်း ဆို တာပဲဖြစ်တယ်။ အတူယှဉ်တွဲ တည်ရှိနိုင်တာမျိုးမဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်နေမှ စစ်အာ ဏာရှင်စနစ် တည်မြဲနေနိုင်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်မယ့် ပြည်တွင်းငြိမ်းချမ်းရေးကို စစ်အုပ်စုအဆက်ဆက်က ငြင်းပယ်ခဲ့တာပဲဖြစ်တယ်၊ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် အပြုတ်တိုက်ရေး လမ်းစဉ်ကို တလျှောက်လုံး ကျင့်သုံးနေကြတာပဲဖြစ်တယ်။

ဒီလိုဆိုရင် ၁၉၆၃ ခုနှစ်က ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ ၁၉၈၉ ခုက စခဲ့တဲ့ န၀တစစ်အစိုးရရဲ့ “အပစ်အခတ်ရပ်စဲ၊ ဥပဒေဘောင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်” ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းချက်တွေ မဟုတ်ဘူးလားလို့ မေးစရာရှိတယ်။ တခွန်းတည်း ဖြေရရင် မဟုတ်ဘူး။ အဲဒါတွေဟာ တော်လှန်ရေးအင်အားစုတွေကို လက်နက်ချ အညံ့ခံလာအောင် အပြုတ် တိုက်ရေးမူကို အခြားနည်းနဲ့ ဆက်လက်ကျင့်သုံးတာပဲဖြစ်တယ်။

ဒါကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်နေတာဟာ စစ်ပွဲကို အရင်းအနှီးပြုပြီး နေ့ချင်းညချင်း ဇောတိကတွေ ဖြစ်လာတဲ့ စစ်အုပ်စုမင်းဆက် တည်မြဲနေလို့ပဲဖြစ်တယ်။ စစ်အုပ်စုမှန်သမျှဟာ စစ်အာဏာရှင်စနစ်ကို ဖယ် ရှားပစ်မယ့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်တော့မှ (ဘယ်တော့မှ) လုပ်မှာမဟုတ် ဘူး။ သူတို့ရဲ့ ဘက်စုံအကျိုးစီးပွားနဲ့ တထပ်တည်းကျတဲ့ ပြည်တွင်းစစ်သက်ဆိုးရှည်ရေး-အပြုတ်တိုက်ရေး လမ်းစဉ်ကိုသာ ဆက်လက်ကိုင်စွဲသွားမှာဖြစ်တယ်။

စစ်အုပ်စုအဆက်ဆက် ကိုင်ဆွဲထားတဲ့ ပြည်တွင်းစစ် အပြုတ်တိုက်ရေးလမ်းစဉ်ရဲ့ တကယ့်အဓိပ္ပာယ်ဟာ လည်း ဒီမိုကရေစီဆန့်ကျင်ရေး၊ လူမျိုးတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဆန့်ကျင်ရေးပဲဖြစ် တယ်၊ စစ်အာဏာရှင်စနစ် တည်မြဲရေး၊ လူမျိုးကြီးဝါဒ ကျင့်သုံးပြီး တပြည်ထောင်စနစ် ကျင့်သုံးရေးသာဖြစ် တယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအရ မသမာတဲ့ နည်းပေါင်းစုံသုံးပြီး အာဏာရလာတဲ့ သိန်းစိန် အစိုးရဟာလည်း ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကို လုပ်မှာမဟုတ်ဘူး။ သိန်းစိန်အစိုးရဟာ စစ်အုပ်စုက ကြိုးကိုင်ထားတဲ့ အရပ်ဝတ် ရုပ်သေးအစိုးရသာဖြစ်တယ်။ လက်တွေ့အရ သိန်းစိန်အစိုးရတက်လာပြီး မကြာမီမှာပဲ အပစ်ရပ်ငြိမ်းအဖွဲ့ (KIA, SSA, DKBA) တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ UWSA, NMSP လို အဖွဲ့တွေနဲ့လည်း တင်းမာမှုတွေ ဖြစ်နေတယ်။ သိန်းစိန်အရပ် ၀တ်ရုပ်သေးအစိုးရဟာ ယခင်စစ်အစိုးရများနည်းတူ တဘက်က စစ်ရေးအရ တိုက်ပြီး ဖိအားပေး၊ တခြားတ ဘက်က လက်နက်ချငြိမ်းချမ်းရေးကို ကမ်းလှမ်းဆိုတဲ့ နည်းပရိယာယ်ကိုသာ ကျင့်သုံးမှာဖြစ်တယ်။

ဘာကြောင့် ဒီလိုယတိပြတ်ပြောရသလဲဆိုရင် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ရေးရဲ့ တကယ့်အဓိပ္ပာယ်နဲ့ လက်တွေ့လုပ်ငန်းတာဝန်ဟာ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဖြစ်နေလို့ ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေရာကျမယ့် ပြည်တွင်းစစ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် ရေးကို စစ်အုပ်စုရဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရက လုပ်မှာမဟုတ်လို့ ပြောရခြင်းဖြစ်တယ်။

ဒီလိုဆိုရင် စစ်မှန်တဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဘယ်သူ တွေက လုပ်ကြရမလဲ။ ဘယ်လိုလုပ်ကြမလဲ။

အဖြေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပဲ။ ပြည်တွင်းစစ်ကို ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတဲ့၊ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ လူမျိုးတိုင်း တန်းတူ သွေးစည်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို တောင့်တတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို စည်းရုံးပြီး ၀ဲ/ယာနိုင်ငံရေး အင်အားစုမှန်သမျှက စုပေါင်း ခေါင်းဆောင် အကောင်အထည်ဖော် ကြရမှာပဲဖြစ်တယ်။ ပြည်တွင်းစစ်ကို မတိုက်လိုတဲ့ ကြည်း-ရေ-လေ တပ်မတော်တွင်းရှိ အရာရှိအရာခံ၊ အကြပ် တပ်သားတွေပါ မကျန် စည်းရုံးရမယ်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အလံကို မြင့်မြင့်မားမား လွှင့်ထူပြီး ဥပဒေတွင်း လူထုငြိမ်းချမ်းရေး တောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းရ မယ်။

သိန်းစိန် အရပ်ဝတ် ရုပ်သေးအစိုးရရဲ့ စစ်ရေး ထိုးစစ်တွေကို ခုခံဆန့်ကျင်နေတဲ့ ငြိမ်းအဖွဲ့တွေရဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ လူထုငြိမ်းချမ်းရေး တောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဟန်ချက်ညီ အပြန်အလှန် ပေါင်းစပ်နိုင် အောင် စီမံရမယ်။

လူမျိုးစုငြိမ်းအဖွဲ့တွေရဲ့ ဒေသန္တရလက္ခဏာ (တစိတ်တပိုင်း လက္ခဏာ) ဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲကို ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ (လက်နက်ကိုင်တိုက်ပွဲနဲ့ အခြားတိုက်ပွဲသဏ္ဍာန်ပေါင်းစပ်ခြင်း) အပြန်အလှန် ပေါင်းစပ်ခြင်းဖြင့် တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီးအဖြစ် ပြောင်းပစ်ရမယ်။ ဒီ နည်းနဲ့ တပ်မတော်တွင်းက ပြည်တွင်းစစ် ဆန့်ကျင်တဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး လိုလားတဲ့ တပ်မှူးကြီးငယ်၊ အ ကြပ်၊ တပ်သားတွေ ပြည်သူလူထုနဲ့အတူ ရပ်တည်လာနိုင်အောင် အခြေအနေတွေ ဖန်တီးရမယ်။

ဒီနည်းနဲ့ စစ်အုပ်စုရဲ့ အမိန့်ပေးဌာနဟောင်းအောက်က တပ်မတော် ရုန်းထွက်နိုင်ရေး၊ ပြည်သူ့ဘက်က ရပ် တည်တဲ့ တပ်မတော်အမိန့်ပေးဌာနသစ်တခု ပေါ်ထွန်းလာနိုင်ရေးအတွက် အချက်အလက်တွေ ဖန်တီးပေးရ မယ်။

ဒီနည်းနဲ့ စစ်အုပ်စုနဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရကို အထီးကျန်ဖြစ်စေရမယ်။ ဒီနည်းနဲ့ တပြည်လုံးလက္ခ ဏာဆောင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူထုတိုက်ပွဲကြီးကတဆင့် ပါတီစုံဒီမိုကရေစီစ နစ် အကောင်အထည်ဖော်ရေး၊ လူမျိုးတိုင်း တန်းတူရေးနဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိရေး ... ဆိုတဲ့ အခြေခံပြဿ နာကြီး (၂) ရပ်ကို အဆင့်ရှိစွာ ဖြေရှင်းအောင်မြင်နိုင်စရာရှိတယ်လို့ ယုံကြည်မိတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမား လွှင့်ထူကြ။
ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ လူမျိုးစုများရဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ကြ။
မြတ်နိုး
၂၃.၇.၀၁၁
Copy from - drlunswe.blogspot

0 件のコメント:

コメントを投稿