Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/19

တရုတ် - မြန်မာနယ်စပ် တရုတ်တပ်များ တိုးချထား


နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာအစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲများဖြစ်နေသည့် တရုတ်-မြန်မာနယ်စပ် တလျှောက်တွင် တရုတ်အာဏာပိုင်များက လက်နက်ကိုင် တပ်ဖွဲ့များ တိုးမြှင့်ချထားကြောင်း သိရ သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တိုက်ပွဲများဖြစ်ပွားရာဒေသနှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင်းရှိ  ယင်ကျန်းမြို့၊   ကျန်းဖုံးမြို့၊ မန်စီခရိုင် ရွှေလီမြို့နှင့် မဟိုင်မြို့တို့တွင် တရုတ်ဘက်မှ လုံခြုံရေး တိုးမြှင့် ချထားခြင်း ဖြစ်သည်။

ယင်ကျန်းမြို့မှာ KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင်တည်ရှိပြီး လိုင်ဇာမြို့နှင့် တာပိန်ရေအားလျှပ်စစ် စီမံကိန်းဒေသများသို့ အလွယ်တကူ သွားရောက်နိုင်သည့် မြို့ဖြစ်သည်။ ကျန်းဖုံးမြို့မှာမူ မြန်မာနယ်စပ်မြို့ ဖြစ်သည့် လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင် ဖြစ်ကာ ရွှေလီမြို့မှာ ရှမ်းပြည်နယ် မူဆယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

မန်စီခရိုင် မဟိုင်မြို့မှာ KIA တပ်မဟာ ၄ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးရှိ မုံးကိုးမြို့နှင့်ချောင်းတဖက်သာ ခြားသည်။ “စစ်တပ်ကနေပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြောရမယ်ဗျ။ သူတို့ကနေပြီးတော့ ဒီ အရင်အတုန်းက နယ်စပ် ဘက်မှာ တပ်စခန်းချတာမျိုး မရှိဘူး။ ဒါပေမဲ့ ဒီနောက်ပိုင်းမှ တပ်စခန်းတွေ တော်တော်များများ၊ တပ်အင်အားတွေ တိုးချဲ့လာတာ” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က မဇ္ဈိမကို ပြောသည်။

ယခင်က နယ်စပ်လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များကိုသာ ထားရှိလေ့ရှိကာ ပြီးခဲ့သည့် တပတ်ခန့်မှ စ၍ ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်လာခြင်း ဖြစ်သည်။ သို့သော် တပ်အင်အား မည်မျှတိုးချဲ့ ချထားသည်ကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ချထားမှုမျိုး ပြုလုပ်ခဲ့ဖူးပြီး လုံခြုံရေး တပ်များကို နယ်စပ်ဒေသရွာများရှိ အဆောက်အဦဟောင်း၊ ကျောင်းဟောင်းနှင့် စက်ရုံဟောင်းများတွင် စခန်း ချထားခြင်း ဖြစ်သည်။

“Alert No 1 Position (အဆင့် ၁ တပ်လှန့်မှု) တော့ မဟုတ်ဘူး။ နယ်စပ်မှာ ဟိုတုန်းက အဲဒီလို မထားတဲ့နေရာမှာ အခုလို တပ်က ထောက်ထားပြီ ဆိုကတည်းက ဒါက သူတို့ Alert ရှိလို့ပေါ့။ ပြီးတော့ တပ်က အဆောက်အဦးဆောက်နေတာ မဟုတ်ဘူး။ Temporary လာထားတာ” ဟု တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် နေထိုင်သည့် မြန်မာ့ အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

အဆင့် ၁ တပ်လှန့်ထားမှု ပုံစံမှာ နယ်စပ်စည်းရိုးတလျှောက်နှင့် နယ်စပ်ဂိတ်များတွင် တပ်စွဲထား ခြင်းဖြစ်ကာ ကိုးကန့် တိုက်ပွဲများဖြစ်စဉ်က ယင်းကဲ့သို့ ပြုလုပ်ခဲ့သည်။ ယခု တိုးချဲ့ချထားသည့် တပ်များမှာ Army Police ခေါ် လက်နက်ကိုင်ရဲတပ်ဖွဲ့များဖြစ်ပြီး နယ်စပ်ဒေသလုံခြုံရေးအား အဓိက တာဝန်ယူလေ့ ရှိသည်။

တရုတ်-မြန်မာနယ်စပ်နှင့် ငါးနာရီခန့် ခရီးအကွာတွင် ယင်းလက်နက်ကိုင်ရဲတပ်များ၏ တပ်ရင်း ဌာနချုပ်များရှိပြီး လွယ်လင့်တကူ အင်အားဖြည့်တင်းနိုင်သည်ဟု သိရသည်။

နယ်စပ်တလျှောက် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားမှုမှာ တိုင်းရင်းသားဒေသများတွင် အစိုးရတပ်များမှ ထိုးစစ်ကြီး များ ဆင်လာနိုင်ခြင်းကြောင့်ဟု ခန့်မှန်းမှုများရှိနေပြီး တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ဒုက္ခသည်များ  ဝင်ရောက်နိုင် မှုကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်ဟု KIO က ခန့်မှန်းသည်။

“အဓိက ကတော့ KIA နဲ့ တိုက်ပွဲဖြစ်နေတဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ ဖြစ်နေတာလေ။ ကချင်ပြည်နယ် မှာ ဖြစ်သလို ရှမ်းပြည် မြောက်ပိုင်းမှာလည်း ဖြစ်နေကြတယ်။ နောက်ပြီး စစ်ပြေးဒုက္ခသည် တွေကလည်း နယ်စပ်ဒေသတလျှောက်မှာ ရောက်နေကြတယ်။ ဒါက အဓိကပေါ့” ဟု ဦးလနန်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာနေရသူ ဒုက္ခသည် ဦးရေမှာ KIA ဗဟိုဌာနချုပ် လိုင်ဇာတွင်ပင် ၁၂,ဝဝဝ ကျော်ရှိပြီး စုစုပေါင်း ၂၂,ဝဝဝ အထက်ရှိမည်ဟု KIA က ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီးအဖွဲ့၏ စာရင်းများ အရမူ ဒုက္ခသည် ၂၅,ဝဝဝ ဦး ရှိသည်။

ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်မှုမှာ နယ်စပ်ဒေသများတွင် ထိုးစစ်ကြီးများ ဖြစ်လာနိုင်ဖွယ်ရှိခြင်းကြောင့် တရုတ်ဘက်မှ ကြိုတင် ပြင်ဆင်မှု ဖြစ်နိုင်သည့် အပြင် မြန်မာအစိုးရဘက်မှလည်း ကြိုတင်အကြောင်းကြား ထားခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း အကဲခတ်များက ခန့်မှန်း ပြောဆိုနေကြသည်။

လက်ရှိတွင် ကချင်ပြည်နယ်ရှိ ဒေသခံအစိုးရတပ်များဖြစ်သည့် တပ်မဟာ ၃၃၊ ၆၆ တို့လည်း တပ်အင်အား တိုးမြှင့် ထားကာ အခြားဒေသမှ တပ်များကိုလည်း ရေလမ်းမှတဆင့် မြစ်ကြီးနား၊ ဝိုင်းမော်သို့ စေလွှတ်ကာ စခန်းချထား သည်ဟုလည်း KIA သတင်းရပ်ကွက်မှ သိရသည်။

“မြစ်ကြီးနားအောက်ပိုင်း တာလောကြီး၊ ဆင်ဘိုဘက်မှာ စက်လှေတွေနဲ့ သင်္ဘောတွေနဲ့ ပို့ထားတာရှိတယ်။ နောက် ပြီးတော့ ဗန်းမော်ဘက်မှာလည်း သင်္ဘောနဲ့ မန္တလေးဘက်ကနေ တက်လာပြီးတော့ ဗန်းမော်မှာ စစ်အင်အား တော်တော်ချထားတာ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလိုမျိုး နယ်ခံတပ်တွေ မဟုတ်ဘဲနဲ့ အောက်ပိုင်းက တက်လာတဲ့ တပ်တွေက ဒေသတွေမှာ ရောက်လာခြင်းအားဖြင့် တိုက်ပွဲကြီးကြီးမားမား ဖြစ်လာမယ်ဆိုတဲ့ အရိပ်လက္ခဏာပါပဲ။ ဒါ လုံးဝသေချာပါတယ်” ဟု KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

နယ်ခြားစောင့်လက်ခံရန် ငြင်းဆန်ခဲ့မှုဖြင့် ယခုနှစ် ဇွန်လ ၉  ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIAနှင့် အစိုးရတပ်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ အောက်တိုဘာလအတွင်း ယခင်လများထက် တိုက်ပွဲများ ပိုမိုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလအတွင်းတိုက်ပွဲပေါင်း ၆၈ သာ ဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၈၇ အကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု KIA ၏ စာရင်းများအရ သိရသည်။

0 件のコメント:

コメントを投稿