Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/08

Tu Maung Nyo – နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နိဂုံးလော

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နိဂုံးလော
တူမောင်ညို။ နိုဝင်ဘာ ၇၊ ၂၀၁၁

တွေ့ဆုံ ဆွေးနွေးရေး ဆိုတာက  ပျောက်ဆုံး သွားသလိုဖြစ်ပြီး၊ (NLD) မှတ်ပုံတင်ရေး ဖြစ်လာခဲ့တယ်။
 “တွေ့ဆုံ ဆွေးနွေးရေး” ဆိုတာ  ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နဲ့ အခါ အားလျော်စွာ တွေ့ဆုံနေတဲ့ “စိမ်းလဲ့ ကန်သာတွေ့ဆုံမှု” လောက်ကို ရည်ရွယ် ပြောဆို နေကြခြင်း မဟုတ်တာတော့ သေချာ ပါတယ်။
တွေ့ဆုံ ဆွေးနွေးရေး ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) အပါအဝင် တိုင်းပြည်နဲ့ ပြည်သူလူထု ကြုံတွေ့နေရတဲ့ ပြဿနာ အားလုံးကို နိုင်ငံရေးအရ တန်းတူ ရည်တူဆွေးနွေး ကြဖို့ဖြစ်ပါတယ်။ တန်းတူရည်တူ ရှိတဲ့၊ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က အကြိမ်ကြိမ် ထုတ်ဖေါ် ပြောဆိုတဲ့စကားလုံး က Meaningful Dialogue ဖြစ်ပါတယ်။  “စိမ်းလဲ့ကန်သာ တွေ့ဆုံမှု” ဆိုတာ Meaningful Dialogue မဟုတ်ပါ။ ပြည်ထောင်စု ဝန်ကြီးနဲ့ “မှတ်ပုံတင်ခြင်း မရှိသေးသည့် နိုင်ငံရေးပါတီ” တစ်ခုမှ ခေါင်းဆောင် တစ်ဦးတွေ့ဆုံမှုထက်  ဘာများ ပိုလွန်နေပါသလဲ။
စက်တင်ဘာ (၃၀) ရက်နေ့၊ စိမ်းလဲ့ကန်သာ တွေ့ဆုံမှုအပြီး၊ သတင်းထောက်များရဲ့ အမေးကို  ဦးအောင်ကြည် ဖြေကြားခဲ့ တာ က “ကျွန်တော့် အနေနဲ့ ဦးစွာ ဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့ အချိန်မှာ ကျွန်တော်တို့ NLD  နဲ့အတူ လက်တွဲပြီးတော့  ဆောင်ရွက်သွားဖို့ ဆိုတာကို အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်” လို့ ဖြေကြားလိုပါတယ်။
အဖြေရဲ့ လိုရင်းကတော့ “ဥပဒေနဲ့အညီ မှတ်ပုံတင်ခြင်း မရှိသေးတဲ့ အခါမှာ လက်တွဲဆောင်ရွက်ဖို့  မဖြစ်နိုင်သေးဘူး”လို့ အဓိပ္ပါယ် ထွက်ပါတယ်။ အရင်ဆုံး မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်ပြီးသာမှ  လက်တွဲ ဆောင်ဆောင်ရွက် သွားနိုင်မယ်လို့ ပြောတာလည်း ဖြစ်ပါတယ်။
“စိမ်းလဲ့ကန်သာ တွေ့ဆုံမှု”ဘာလဲ ဆိုတာကလည်း ဘယ်သူမှ ရှင်းလင်းရေရာ တိကျစွာမသိနိုင်တဲ့၊ ပဟေဠိ ဆန်လွန်းတဲ့ ကိစ္စဖြစ် နေပါတယ်။ ယုတ်စွအဆုံး ဒီချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ (စီအီးစီ) ဦးဝင်းတင်တို့ သည်ပင်လျှင် တိတိကျကျ သိရှိပုံမပေါ်ပါဘူး။
 ဒီချုပ် ပါတီဝင်တွေလည်း ဘာမျှမသိနိုင်သလို၊ ပြည်သူတွေကတော့ ဝေးရောပေါ့။ ဘာသိကြရှာမှာလဲ။ ဂျာနယ်တွေမှာ ပေါ်ပေါ် လွင်လွင် ဖေါ်ပြနေကြတဲ့ ဓါတ်ပုံတွေကြည့်ပြီး စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ ပြည်ထောင်စုဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ် ဆိုတာ လောက်သာ သိပေလိမ့်မယ်။
 စိမ်းလဲ့ကန်သာတွေ့ဆုံမှုမှာ ဘာအကြောင်းအရာတွေ ပါဝင်သလဲ၊ ဘယ်လိုပုံစံနဲ့ ဆွေးနွေးကြတာလဲ၊ ဘယ်လိုအကြောင်းအရာ တွေကို ဘယ်လောက် အတိုင်းအတာအထိ သဘောတူညီမှုတွေ ရရှိခဲ့သလဲ၊ သဘောတူညီမှု မရရှိသေးတဲ့ ပြဿနာတွေက ဘာတွေလဲ စသဖြင့် ပါတီဝင်တွေ၊ မဟာမိတ်တွေ၊ ပြည်သူတွေ သိရှိပြီး အဆုံးအဖြတ် ပေးနိုင်အောင်၊ ပါဝင် ဆောင်ရွက်နိုင်အောင်  (စစ်တပိုင်း အစိုးရ ဘက်မှ ထုတ်မပြောသည့်တိုင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ထုတ်ဖေါ် တင်ပြရန် တာဝန်ရှိပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း နိုင်ငံတော် သမ္မတနဲ့ တစ်ကြိမ်၊  ပြည်ထောင်စုဝန်ကြီး တစ်ဦးနဲ့ (၄)ကြိမ် “မှတ်ပုံတင်ခြင်း မရှိသေးသည့် နိုင်ငံရေးပါတီ” တစ်ခုမှ ခေါင်းဆောင်တစ်ဦး တွေ့ဆုံ နေမှုများနဲ့ပတ်သက်ပြီး ကျင်းပဆဲ လွှတ်တော်ထဲမှာ   မေးမြန်းသင့်၊ မေးမြန်းထိုက်တဲ့ မေးခွန်း တစ်ခုလည်းဖြစ်ပါတယ်။
စိမ်းလဲ့ကန်သာ တွေ့ဆုံမှု ရလဒ် ဆိုသည်မှာ “ပြင်ဆင် ပေးလိုက်သော နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ” နဲ့အညီ မှတ်ပုံတင် ရေး ဖြင့်သာလျှင် အဆုံးသတ်နိဂုံးချုပ်သွားပြီလော။  ပြင်ဆင် လိုက်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နဲ့ အညီ (NLD) က မှတ်ပုံတင် တော့မည်ဟူသည့် “လေသံများ” အကြားတွင် တွေ့ဆုံ ဆွေးနွေးရေးသည် နစ်မွန်း ပျောက်ဆုံးသွားပြီလော။
(နအဖ) စစ်အစိုးရက ၂၀၀၈ ခုနှစ်၊ မေလ (၂၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော  “ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲရလဒ်” ကြေညာ ချက်အမှတ် (၁၂/၂၀၀၈) နှင့် ၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော “ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုကြောင်း” ကြေညာချက် အမှတ် (၇/၂၀၀၈) တို့ကို “လုံးဝ တရားဝင်မှု မရှိ/လုံးဝ လက်မခံပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က  ၂၀၀၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသော ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့စွဲဖြင့်  ထုတ်ပြန်ခဲ့သော “အထူးကြေညာချက် အမှတ် (၁၃/၆/၀၈)” သည် အဘယ်သို့ အဆုံးသတ်သွားပြီလဲ။
မည်သို့ပင် ဖြစ်စေ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ထံသို့ ဒေါ်အောင်ဆန်းစုကြည်မှ “တွေ့ဆုံ ဆွေးနွေး လိုကြောင်း” စာပေးပို့သည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ မှ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့၊ စိမ်းလဲ့ကန် သာတွေ့ဆုံမှုအထိ ဖြစ်စဉ်များ၊ အခြေအနေ များကို ဒီချုပ် ပါတီဝင်များ၊ ဒီချုပ်အရေး ဝန်းရံကြသူများ၊ တိုင်းရင်းသား ပြည်သူများ လေ့လာ ၊ သိရှိ ၊ ဆုံးဖြတ် နိုင်ကြစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဖြစ်စေ၊ (NLD) ပါတီကဖြစ်စေ ရှင်းလင်း တင်ပြပေးရန် အထူး လိုအပ်ပါ တယ်။
“ဒီမိုကရေစီ”ကို လေးစား တန်ဖိုးထားသော ဒီမိုကရေစီပါတီတို့သည် တိုင်းပြည်နဲ့ ပြည်သူလူထုထံ အစီရင်ခံ ကြရစမြဲ။ တိုင်းပြည် နဲ့ ပြည်သူလူထု၏ အသံကို နားထောင် ကြရစမြဲ မဟုတ်ပါလော။

ညွန်း
-       မြန်မာအလင်းသတင်းစာ၊ ၂၀၁၁ အောက်တိုဘာ ၁ ရက်။
-       အမျိုးသားဒီမိုကရေစီအဖွဲ့အထူးကြေညာချက် ၁၃/၆/၀၈၊  ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်
-       မြန်မာအလင်းသတင်းစာ၊  ၂၀၀၈ မေလ ၂၇ ရက်။
-       မြန်မာအလင်းသတင်းစာ၊  ၂၀၀၈ မေလ ၃၀  ရက်။
Copy from - moemaka.com

0 件のコメント:

コメントを投稿